ပြည်သူ့ရင်ပြင်ရှိ သန့်စင်ခန်း လမ်းညွှန်ဆိုင်းဘုတ်

ရန်ကုန်မှာနေထိုင်သူတချို့အတွက် သွားလာရင်း သန့်စင်ခန်းအသုံးပြုဖို့လိုတဲ့အခါ စူပါမားကတ်တွေက အားထားစရာနေရာ ဖြစ်နေပါတယ်။

ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ လူဦးရေလည်း ထူထပ်များပြားတဲ့ မြို့တော်ဖြစ်ပါတယ်။

လူဦးရေများပြားတဲ့ မြို့ဖြစ်တာနဲ့အညီ လူတိုင်းလွယ်ထားလို့မရတဲ့ သန့်စင်ခန်းသွားတဲ့ ကိစ္စအတွက် ရန်ကုန်မြို့မှာ အများပြည်သူသုံး သန့်စင်ခန်းတွေ လုံလောက်မှု မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ယခင်က အများပြည်သူသုံးသန့်စင်ခန်း ထားရှိတဲ့ နေရာတစ်ချို့ကို ပုဂ္ဂလိကကို ငှားရမ်းပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခဲ့တာ တွေလည်း ရှိပါတယ်။

ဒါကြောင့် လူဦးရေ (၇)သန်းဝန်းကျင် နေထိုင်သွားလာနေကြတဲ့ ရန်ကုန်မြို့မှာ အများပြည်သူသုံး သန့်စင်ခန်းတွေ လုံလောက်မှု ရှိလား၊ သန့်စင်ခန်းတွေရဲ့ သန့်ရှင်းမှုက ဘယ်လိုအခြေအနေရှိလဲ၊ ကိုယ်တိုင် သွားလာရင်း သန့်စင်ခန်းအသုံးပြုဖို့ လိုလာတဲ့အခါ ဘယ်လိုနည်းနဲ့ ဖြေရှင်းကြလဲဆိုတာကို MJI Digital Journalism သင်တန်းကနေ မေးမြန်းတင်ဆက်လိုက်ပါတယ်။

ကိုထူးထူးအောင် – အသက် ၁၉နှစ်၊ မြောက်ဥက္ကလာ

ကိုထူးထူးအောင်

လမ်းသွားရင်းနဲ့ အပေါ့သွားချင်လာရင် နီးစပ်ရာဝင်ပြီး ဖြေရှင်းတာများတယ်။ အဲဒီလိုမျိုးတော့ ဖြစ်လေ့မရှိဘူး။ အပြင်ထွက်တာ့မယ်ဆိုကတည်းက ဖြေရှင်းလာတာများတယ်။ ရန်ကုန်မြို့မှာ သွားလာတဲ့အခါ အများသုံးသန့်စင်ခန်းက လွယ်လင့်တကူ မရှိဘူးလို့ ခံစားရတယ်။ ဒါပေမယ့် ကပ်ပီတယ်တို့၊ လှည်းတန်းစင်တာတို့ အဲဒီလိုနေရာတွေမှာ သန့်စင်ခန်းတွေရှိတော့ အဆင်ပြေပါတယ်။ အရမ်းအပေါ့သွားချင်ရင်တော့ အဆင်ပြေသလို ဖြေရှင်းလိုက်တယ်။ လမ်းဘေးပေါ့။

မနှင်းဝတ်ရည် – B.Sc(Botany)၊ ရွှေပြည်သာ

မနှင်းဝတ်ရည်

(သွားလာရင်းနဲ့ အပေါ့သွားချင်လာရင်) City Mart တစ်ခုခုကို ဝင်ပြီး Toilet ဝင်ရှာလိုက်တယ်။ စူပါမားကတ်တစ်ခုခုပေါ့။ (အများသုံးသန့်စင်ခန်းက) လုံလုံလောက်လောက်တော့ မရှိသေးဘူးလို့ထင်တယ်။

ဒါပေမယ့် တော်ရုံတန်ရုံကတော့ အများဆုံး သန့်စင်ခန်းတွေ တွေ့ရပါတယ်။ ရှိတယ်။ တချို့နေရာမှာတော့ မရှိဘူး။ သန့်ရှင်းမှုကတော့ အကုန်လုံးက မရှိဘူး။ နည်းနည်းပါးပါးပဲ သန့်ရှင်းတယ်။

မနှင်းအိအိလှိုင် – 1st Year (Chemistry)၊ လှိုင်သာယာ

မနှင်းအိအိလှိုင်

နီးစပ်ရာ စူပါမားကတ်ကို ဝင်ပြီးတော့ Toilet ကိုသွားတယ်။ (အများသုံးသန့်စင်ခန်းက လုံလောက်တဲ့ အနေအထား) မရှိဘူးလို့ထင်တယ်။ အဲဒါကြောင့် တစ်ခါတစ်လေ အခက်အခဲတွေ့တယ်။

အချို့နေရာတွေကတော့ သန့်စင်တယ်။ ပိုက်ဆံပေးရတဲ့ နေရာတော်တော်များများကတော့ သန့်စင်တယ်။ ပိုက်ဆံမပေးရတဲ့ နေရာတွေက သိပ်မသန့်စင်ဘူး။

ကိုဇင်မောင်မောင်မြင့် – Sale & Marketing Executive၊ ဗဟန်း

ကိုဇင်မောင်မောင်မြင့်

ဘယ်လိုမျိုးဖြေရှင်းလဲဆိုတော့ ကိုယ်နဲ့အနီးစပ်ဆုံး ဘယ်နားမှာ အိမ်သာရှိလဲ ဆိုတာကို လမ်းသွားလမ်းလာတွေကို မေးလိုက်တယ်။ ကိုယ်က အောင့်နိုင်တယ်ဆိုရင်တော့ ကိုယ်သွားမယ့်နေရာအထိ သွားလိုက်တယ်။ မနေနိုင်တော့ဘူးဆိုရင်တော့ အနီးစပ်ဆုံး ဘယ်နားရှိလဲ မေးလိုက်တယ်။

ဥပမာ လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်တာမျိုး။ လက်ဖက်ရည်ဆိုင်မှာ သွားလိုက်တာမျိုးပေါ့။ အနီးဆုံး Public အိမ်သာရှိတယ်ဆိုရင်လည်း အဲဒီကို သွားလိုက်တယ်။ မြို့ထဲပိုင်းမှာတော့ အဆင်ပြေတယ်။ Public Toilet ကိုတော့ သတိမထားမိဘူး။

အများဆုံးဖြေရှင်းတာကတော့ ဆိုင်တစ်ဆိုင်ဝင်သွားလိုက်တယ်။ သန့်ရှင်းမှုကတော့ တော်တော်လေး လိုအပ်တယ်လို့ ထင်တယ်။

မခင်နှင်းယု – ဈေးရောင်း၊ တောင်ဒဂုံ

မခင်နှင်းယု

အများဆုံးကတော့ ဈေးမှာ နေဖြစ်တာဆိုတော့ ဈေးအိမ်သာပေါ့။ (အများသုံး သန့်စင်ခန်းက) နေရာတော်တော်များများ မှာတော့ ရှိပါတယ်။ သန့်တာကတော့ အမျိုးစုံပေါ့။ တချို့ဟာတွေက မသန့်ဘူး။ တချို့ဟာတွေက တော်တော်သန့်သန့်ရှိပါတယ်။

မေးမြန်း – ဉာဏ်လင်းထက်

Leave a comment

Design a site like this with WordPress.com
Get started