သူကြိုက်တဲ့ ဖီးကြမ်းနဲ့ သီးမွှေးက ငှက်ပျောသီးတော့ မဟုတ်ပါဘူး။

တနင်္ဂနွေရဲ့ မိုးဖွဲဖွဲအောက်မှာ ရန်ကုန်မြို့ဟာ ပုံမှန်ထက် တိတ်ဆိတ်စွာ လှုပ်ရှားနေပါတယ်။ ပိတ်ရက်ဖြစ်တာရယ်၊ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုဖြစ်နေတာရယ်က ရန်ကုန်ကို ပုံမှန်ထက် တိတ်ဆိတ်နေစေ သလိုပါပဲ။

ဒါပေမယ့် ရန်ကုန်မြို့လည်က မဟာဗန္ဓုလပန်းခြံရှေ့မှာတော့ လူတွေ စည်စည်ကားကားဖြစ်နေပြီး ဒီလူတွေကြားထဲမှာ လူငယ်ကာတွန်းဆရာတစ်ယောက် သူရဲ့ဆွဲချက်တွေကို ခပ်သွက်သွက် ရေးဆွဲပေးနေပါတယ်။

မိုးထဲရေထဲက ရေဆန်လေဆန်

မဟာဗန္ဓုလပန်းခြံရှေ့မှာ လူစည်ကားနေတာက ရေဆန်လေဆန် ကာတွန်းပြပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ရေကြီးမှုတွေကြောင့် ဒုက္ခကြုံနေတဲ့ ပြည်သူတွေအတွက် အလှူငွေရရှိဖို့ ရည်ရွယ်ပြီး ပြုလုပ်နေတဲ့ ကာတွန်းပြပွဲဖြစ်ပါတယ်။

သြဂုတ်လ ၁၇ရက်ကနေ ၁၉ရက်အထိ (၃)ရက်တာ ကာတွန်းပြပွဲမှာ ရေဘေးအတွက် အလှူငွေလက်ခံတာ အပြင် အကျီင်္တစ်ထည် ကျပ် ၅၀၀၀နဲ့ ရောင်းချပြီး အဲဒီအကျီင်္ပေါ်မှာ ကာတွန်းဆရာတွေက အမှတ်တရ ကာတွန်းရေးဆွဲတာတွေ လုပ်ဆောင်ပေးပါတယ်။ အဲဒီလို ကာတွန်းရေးဆွဲပေးတဲ့ထဲက ကာတွန်းဆရာတစ်ယောက်ကတော့ ကာတွန်းဇဝနသားဖြစ်ပါတယ်။

ဝါသနာအတိုင်းယုံကြည်လျှောက်လှမ်းသူ

ပုံနှိပ်စာအုပ်တွေ ကျရှုံးလာတာ၊ ကာတွန်းလုံးချင်းဈေးကွက် ပျက်သွားတာ စတဲ့ အကြောင်းတွေကြောင့် ဒီဘက်ခေတ်မှာ ကာတွန်းဆရာတစ်ယေက် အဖြစ် ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာ ပါတဲ့ တစ်ကွက်ကာတွန်းရဲ့ စာမူခကလည်း တစ်ပုဒ်ကို ၃၀၀၀နဲ့ ၅၀၀၀သာ အများဆုံး ဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ ကာတွန်းဇဝနသားကတော့ သူဝါသနာပါတဲ့ ကာတွန်း၊ ပန်းချီရေးဆွဲတာကို ယုံယုံကြည်ကြည် လုပ်ကိုင်ရင်း ရပ်တည်နေနိုင်တယ်လို့ ဆိုပါတယ်။

အရင်က ကုမ္ပဏီတွေမှာ လခစားအနေနဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲခဲ့ပြီး လက်ရှိမှာတော့ အလွတ်တန်း အနေနဲ့သာ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ၊ ပန်ချီတွေရေးဆွဲရင်း ရပ်တည်နေတယ်လို့ သူက ဆိုပါတယ်။

အနုပညာကျောင်းဆင်း ကာတွန်းဆရာ

၁၉၈၄ခုနှစ်မှာ မွေးပြီး အမည်ရင်း ဝင်းထွန်းသန့်ဆိုတဲ့ ကာတွန်းဇဝနသားဟာ ဆယ်တန်းအောင်ပြီးနောက်မှာ အနုပညာတက္ကသိုလ်တက်ရောက်ကာ ပန်းချီပညာနဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ဇဝန ရပ်ကွက်သားမို့ ဇဝနသားလို့ ရိုးရိုးရှင်းရှင်း ကလောင်အမည်ပေးဖြစ်ခဲ့တာလို့ ရှင်းပြပါတယ်။

သူဟာ ငယ်စဉ်ကတည်းက အရုပ်တွေဆွဲတာ ဝါသနာပါခဲ့ပြီး အနုပညာ ကျောင်းဆင်းလည်း ဖြစ်တာကြောင့် သူရဲ့ ဝါသနာ၊ ပညာနဲ့ အသက်မွေးဝမ်းကြောင်းမှုဟာ တစ်ထပ်တည်း ကျနေတာ အားကျစရာ တွေ့ရပါတယ်။

ဖီးကြမ်းနဲ့ သီးမွှေးကြိုက်တဲ့ ဇဝနသား

ကာတွန်းစာအုပ်တွေ ဖတ်ရှု့ပြီး ကြီးပြင်းလာသူတွေ၊ ကာတွန်းကြမ်းပိုးတွေကတော့ ဖီးကြမ်းနဲ့ သီးမွေးဆိုရင် ကောင်းကောင်းသိပါလိမ့်မယ်။ နှစ်သက်စရာ ကိုယ်ပိုင်ဟန်ရှိတဲ့ ထူးခြားတဲ့ ကာတွန်းဇာတ်ကောင် နှစ်ယောက်ဟာ ကာတွန်းဇဝနသား အကြိုက်ဆုံး ကာတွန်းတွေလို့ ဆိုပါတယ်။

“သူတို့ စာအုပ်ထွက်တိုင်း ငှားဖတ်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

ဖီးကြမ်းနဲ့ သီးမွှေးအပါအဝင် ကလေးတွေနှစ်သက်တဲ့ ကာတွန်းလက်ရာတွေ ဖန်တီးခဲ့သူ ကာတွန်းဌေးဝင်းဇော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့ပါတယ်။

“ရုပ်ပြရူးတွေအတွက် သူ့ကာတွန်းတွေက စွဲမက်စရာကောင်းတယ်။ ဒါပေမယ့် တစ်ယောက်ထဲလို့ မေးလို့သာ ကွက်ပြောရတာ။ အဲဒီခေတ်က တော်တော်များများက ကျွန်တော်တို့ အသည်းစွဲတွေပဲလေ” လို့ ကာတွန်းဇဝနသားက ဆိုပါတယ်။

ကာတွန်းဆရာကြီးတွေအတွက် ပူပန်သူ

ကျဆင်းနေတဲ့ ကာတွန်းဈေးကွက်က ပြန်ကောင်းမလာတာကြောင့် ကာတွန်းရေးဆွဲရင်း အသက်မွေးနေတဲ့ ကာတွန်းဆရာကြီးတွေအတွက် သူ့ရဲ့ စိုးရိမ်မှုကလည်းရှိနေပါတယ်။

တစ်ကွက်ကာတွန်းတွေအတွက် စာမူခဟာ ၃၀၀၀နဲ့ ၅၀၀၀ လောက်သာ ရတဲ့အတွက် ကာတွန်းနဲ့ပဲ ရပ်တည်နေတဲ့ ဆရာကြီးတွေ စားဝတ်နေရေး အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။

“ပုဂ္ဂလိကပဲ ဖြစ်ဖြစ်၊ နိုင်ငံပိုင်ပဲ ဖြစ်ဖြစ် စာမူခလေးတွေ ထိုက်ထိုက်တန်တန် ချီးမြှင့်စေချင်တာပေါ့”

Leave a comment

Design a site like this with WordPress.com
Get started