လာမယ့်သီတင်းပတ်အတွင်းအိမ်ဖြူတော်ကိုလာမည်ဖြစ်သည်

ဝါရှင်တန်၊ နိုဝင်ဘာ ၁
အစ္စလာမ်မစ်စစ်သွေးကြွ – ISIS ခေါင်းဆောင်ဖြစ်သူ အဘူဘာကာ အယ်ဘာဒါဒီကို အသေဖမ်းစီးနိုင်ခဲ့သည့် စီးနင်းမှုတွင် ပါဝင်ကူညီခဲ့သည့် အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင် ခွေးလေးကို အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်လိုက်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က သမ္မတ ထရမ့်က သူ၏ တွစ်တာ စာမျက်နှာတွင် ခွေးလေး ကိုနန် မှာ လာမည့်သီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသကနေ အိမ်ဖြူတော်သို့ လာမည်ဖြစ်ကြောင်း ရေးသားထားသည်။
အမေရိကန်သီတင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် ဒေးလီးဝါယာက Photoshop ဖြင့် ပြုပြင်ကာ တင်ထားသည့် ခွေးလေး ‘ကိုနန်’ ကို သမ္မတထရမ့်က အမေရိကန်သူရဲကောင်း ဆုတံဆိပ်ပေးနေသည့် ဓာတ်ပုံကို ထရမ့်က သူ၏ တွစ်တာအကောင့်တွင် တင်ကာ “အရမ်းကို ချစ်စရာကောင်းတဲ့ပုံပါ။ ဒီလိုမျိုးတကယ့်မြင်ကွင်းကိုတော့ လာမယ့် သီတင်းပတ်အတွင်း အိမ်ဖြူတော်မှာ တွေ့မြင်ရပါမယ်” ဟု ရေးသားထားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆီးရီးယားရှိ တစ်နေရာတွင် ISIS ခေါင်းဆောင် အဘူဘာကာအယ်ဘာဒါဒီကို အမေရိကန်စစ်တပ်က တွေ့ရှိခဲ့ပြီး ISIS ခေါင်းဆောင်သည် ကလေး ၃ဦးကို လက်စွဲလျက် လှိုဏ်ခေါင်းတစ်ခုအတွင်း ပြေးဝင်သွားကြောင်း၊ ၎င်းနောက်သို့ ခွေးလေး ‘ကိုနန်’ က လိုက်သွားခဲ့ရာ ISIS ခေါင်းဆောင်က ၎င်းကိုယ်တွင် တပ်ဆင်ထားသည့် ဗုံးများကို အသေခံဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင့် အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတထရမ့်က ပြောသည်။
အသေခံဗုံးဖောက်ခွဲမှုကြောင့် ISIS ခေါင်းဆောင်နှင့် ကလေး ၃ ဦးစလုံး သေဆုံးခဲ့ပြီး ခွေးလေး ‘ကိုနန်’ မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ခွေးလေး ‘ကိုနန်’ မှာ ဘယ်လ်ဂျီယံမီလီနွိုက်စ် အမျိုးအစားဖြစ်ပြီး အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ဖမ်းစီးသည့် စစ်ဆင်ရေးတွင် ပါဝင်သည့် ခွေးတစ်ကောင်နှင့် အမျိုးအစားတူပင် ဖြစ်ကြောင်း သိရသည်။
MeKong News
MK 001
Ref: abc News