ရှမ်းရှေ့နှင့် ဘန်ကောက်အထိ လှုပ်ခတ်မှုကိုခံစားရ

တာချီလိတ်၊ နိုဝင်ဘာ ၂၁
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်နမိတ်အနီးတွင် ယနေ့နံနက် မြန်မာစံတော်ချိန် ၆နာရီ မိနစ် ၂၀ခန့်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။
ထိုင်း-လာအိုနယ်စပ် မောင်းနန်ဒေသ မြောက်ဘက် ၉၂ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ၆ ဒဿမ ၁ မဂ္ဂနီကျု ပြင်းအားရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနဌာန – USGS က ထုတ်ပြန်ခဲ့ပြီး ငလျင်၏အနက်ဟာ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါငလျင်၏ လှုပ်ခတ်မှုကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့အထိ ခံစားခဲ့ရကြောင်း သတင်းများအရသိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တွင် နေထိုင်သူများအနေဖြင့် ယနေ့မနက် အစောပိုင်းတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရကြောင်း မဲခေါင်သတင်းဌာနကို ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနဖြစ်သည့် Khaosod သတင်းဌာန၏ ဖော်ပြချက်အရ ငလျင် ဗဟိုချက်နှင့် ကီလို ၆၀ဝ ခန့်ဝေးသည့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တွင် နေထိုင်သူများလည် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသည့် ထိခိုက်မှုများနှင့် ပတ်သက်သည့် သတင်းပေးပို့မှုများ ယနေ့မနက် မြန်မာစံတော်ချိန် ၉နာရီခန့်အထိ မရှိသေးကြောင်း ထိုင်းမိုးလေဝသဌာနက ဆိုသည်။
MK-001
MeKongNews
Ref: CNA, Khaosod