သင်တန်းသား ၂၅ဦးတက်ရောက်

တာချီလိတ်၊ နိုဝင်ဘာ ၂၅

ကျေးရွာများတွင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုတတ်စေရန်နှင့် တိရိစ္ဆာန်များတွင် ရောဂါကျရောက်ပါက အချိန်မီကုသနိုင်သည့် နည်းစနစ်များ တတ်မြောက်ရန်အတွက် ကျေးရွာသားများကို တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနတွင် နိုဝင်ဘာလ ၂၅ရက်မှ စတင်ကာ ၅ရက်ကြာသင်တန်း ပေးသည်။

သင်တန်းကို တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများ သိသင့်သည့် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များ၊ သီးနှံရောဂါပိုး ကာကွယ်ခြင်း သိကောင်းစရာများ၊ တိရိစ္ဆာကုသရေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“ဒီဘက်ဒေသမှာက စိုက်ပျိုးရေးဆိုရင်လည်း မိရိုးဖလာနည်းတွေပဲ အသုံးများတယ်။ ဒါကြောင့် ခေတ်မီစိုက်ပျိုးရေးနည်း စနစ်တွေ သင်ကြားပေးမယ်။ မွေးမြူရေးဆိုရင်လည်း ရောဂါကျရောက်လာရင် အသက်မဆုံးရှုံးအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေ သင်ကြားပေးမယ်” ဟု တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက ပြောသည်။

သင်တန်းကို နိုဝင်ဘာလ ၂၅ရက်မှ နိုဝင်ဘာလ ၂၉ရက်အထိ (၅)ရက်ကြာသင်ကြားပို့ချသွားမည် ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုနှင့် ဖန်မင်ကျေးရွာအုပ်စုတို့မှ သင်တန်းသား ၂၅ဦးတက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး ၊ တာချီလိတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုး၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်၊ တာချီလိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ တက်ရောက်သည်။

MK-001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started