တစ်နိုင်ငံလုံးမှ နှစ်ခြင်းခရစ်ယာန်များကို လက်ခံသွားမည်

ကျိုင်းတုံ၊ နိုဝင်ဘာ ၂၄
ဓမ္မကျမ်းစာများ သင်ကြားပို့ချပေးမည့် လားဟူဓမ္မတက္ကသိုလ် ကျမ်းစာသင်ကျောင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ဝိုင်(အထက်)ရွာ၌ နိုဝင်ဘာလ ၂၄ရက် နံနက် ၁၀နာရီခွဲခန့်က ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ လားဟူ ဓမ္မတက္ကသိုလ် ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဒေါက်တာနာသန်ဖန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်တို့က အမှာစကားပြောကြားခဲ့သည်။
လားဟူဓမ္မတက္ကသိုလ်တွင် တစ်နိုင်ငံလုံးမှ နှစ်ခြင်းခရစ်ယာန်များကို လက်ခံသွားမည်ဖြစ်ပြီး တက္ကသိုလ်ကို မြန်မာတစ်နိုင်ငံလုံးရှိ နှစ်ခြင်းခရစ်ယာန်ကျောင်းပေါင်း ၄၀ဝခန့်မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် သိန်း ၆၀ဝဝကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါက်တာနာသန်ဖန်းက ပြောသည်။

“အကျယ် ၃၄ပေ၊ အလျား ပေ ၃၀ဝ ရှိပါတယ်။ အခန်ပေါင်း ၁၃ခန်းရှိပါတယ်။ စာကြည့်တိုက်လည်း ရှိပါတယ်။ ကျောင်းသားပေါင်း ၂၀ဝ ကျော် ပညာဆည်းပူးနေပါတယ်”ဟု သူက ပြောသည်။
ယခုလို ဓမ္မတက္ကသိုလ်တည်ထောင်ဖွင့်လှစ်ခြင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

MK-002