
တာချီလိတ်၊ နိုဝင်ဘာ ၂၈
မြန်မာ့တပ်မတော်အနေဖြင့် စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်နေတာကြောင့် ICJနှင့် ICC တို့တွင် မြန်မာ့တပ်မတော်ကို တရားစွဲရန်ကြိုးပမ်းမှုကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ရက်က ကြေညာချက်ထုတ်သည်။
နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် နိုင်ငံတကာစစ်ရာဇဝတ်မှု ဥပဒေများကို ဆန့်ကျင်ပြီး စစ်ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ကာ ဂျီနီဗာကွန်ဗင်းရှင်းကို ဆန့်ကျင်နေကြောင်း TNLA, MNDAA နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၂၈ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကိုးကန့်၊ တအောင်းနှင့် ရခိုင်ဒေသအတွင်း တိုင်းရင်းသားပြည်သူများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အရေးယူရန် ကြိုးပမ်းမည့်သူများ၊ အဖွဲ့အစည်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးပေါင်းဆောင်ရွက်ကာ ရရှိထားသည့် သက်သေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
MK-001