အစိုးရဝန်ထမ်းများပါဝင်နိုင်ရန်စီစဉ်နေ

တာချီလိတ်၊ နိုဝင်ဘာ ၂၈
OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကို တာချီလိတ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ(ယာယီ) ထံမှ သိရသည်။
ထောက်ခံပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃၀ရက်တွင် တာချီလိတ်မြို့နယ်၊ ဘုရင့်နောင်ဈေး အပေါ်ထပ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထောက်ခံပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်နိုင်ငံသို့ သွားရောက်မည့် ဒီဇင်ဘာလ ၁၀ရက်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင့် ထောက်ခံပွဲဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးမျိုးမင်းသိန်းက ပြောသည်။
“ထောက်ခံပွဲကို ဘယ်နေရာမှာ စမယ်။ ဘယ်လိုကြွေးကြော်သံတွေပါမယ် ဆိုတာကတော့ အစည်းအဝေး လုပ်ပြီးမှ အတိအကျသိရမယ်” ဟု၎င်းက ပြောသည်။
အဆိုပါထောက်ခံပွဲကို အစိုးရဝန်ထမ်းများလည်း ပါဝင်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုမိန့် တောင်ခံထားကြောင်း သိရသည်။
ICJ တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲကို မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးများတွင် ပြုလုပ်လျှက်ရှိသည်။
ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ)များကို လူမျိုးတုန်းသတ်ဖြတ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် OIC ကိုယ်စား အာဖရိက နိုင်ငံငယ်တစ်ခုဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးရုံး – ICJ တွင် တိုင်ကြားထားခြင်းဖြစ်သည်။
MK -001
Photo – Myanmar State Counsellor Office