
တာချီလိတ်၊ နိုဝင်ဘာ ၃၀
ICJ တွင် သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို မဟုတ်ဘဲ ICJ တွင် သွားရောက်ရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့် ထောက်ခံပွဲပြုလုပ်ရန် အစည်းအဝေး တက်ရောက်သူတစ်ဦးက ဆွေးနွေးသည်။
အဆိုပါထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ ဘုရင့်နောင်ဈေးတွင် ပြုလုပ်ရာ အစည်းအဝေးတက်ရောက်သူများ ထဲမှ ဦးဆန်းအောင်ဆိုသူက ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခြင်းဖြစ်သည်။

“အခုသွားရောက်ရင်ဆိုင်မှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ မဟုတ်ပါဘူး။ တခြားပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်တစ်ဖွဲ့လုံးကိုထောက်ခံပွဲ လုပ်ရင် ပိုသင့်တော်ပါတယ်” ဟု ၎င်းက ဆွေးနွေးသည်။
အစည်းအဝေးတွင် ထောက်ခံပွဲ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထောက်ခံပွဲနှင့် ပတ်သက်သည့် နေရာ၊ အချိန်၊ ကြွေးကြော်သံ စသည့်အချက်များကို ဒီဇင်ဘာလ ၁ရက် ညနေ ၃နာရီတွင် ပြုလုပ်မည့် ကော်မတီအစည်းအဝေးတွင် အသေးစိတ် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ICJ သွားရောက်ရင်ဆိုင်သည့် အဖွဲ့ တစ်ဖွဲ့လုံးကို ထောက်ခံဖို့ကိုလည်း ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်က ပြောသည်။

အစည်းအဝေးကို ရှမ်းပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းဆွန်စိုင်း အပါအဝင် မြို့မိမြို့ဖများ၊ ရှေ့နေများ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီကို ဒေါက်တာမြင့်အောင်က ဥက္ကဌ၊ အာခါစာပေယဉ်ကျေးမှုအသင်းမှ ဦးအားလယ်က ဒုဥက္ကဌ၊ ရှေ့နေဦးမျိုးမင်းသိန်းမှ အတွင်းရေးမှူး၊ ဦးဝင်းဆွမ်မှ တွဲဘက်အတွင်းရေးမှူး၊ ဦးထွန်းသန်းအောင်မှ ပြန်ကြာရေးတာဝန်ခံ၊ ဒေါ်သူဇာမိုးမှ ဘဏ္ဍာရေးမှူးနှင့် ဦးတင့်ဆွေမှ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံတို့အဖြစ် တာဝန်ယူကာ အဖွဲ့ဝင် (၂၀)ကျော်ဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
MK -001
MeKongNews
