
တာချီလိတ်၊ ဒီဇင်ဘာ ၁
လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး – ICJ တွင် တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်း အထူးဒေသ(၄)၊ မိုင်းလားက ဒီဇင်ဘာလ ၁ရက်က ထုတ်ပြန်ကြေညာသည်။
ICJ တွင် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အသံကို နားစွင့်ပေးကြရန် မေတ္တာရပ်ခံကြောင်း အထူးဒေသ(၄)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ အကြား အမြင်ကွဲပြားမှုများ ရှိနေပြီး အထူးသဖြင့် FPNCC – မြောက်ပိုင်းအင်အားစုများကြားတွင် အဆိုပါ တရားစွဲဆိုမှုအပေါ် တုံ့ပြန်မှုများ ကွဲပြားနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် TNLA, AA နှင့် MNDAA တို့က ICJတွင် မြန်မာ့တပ်မတော်ကို တရားစွဲမှုအပေါ် ထောက်ခံကြောင်း ထုတ်ပြန်လိုက်ပြီး အထူးဒေသ (၂)-ပန်ဆန်းနှင့် အထူးဒေသ (၄)-မိုင်းလားတို့ကမူ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ဖြေရှင်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို ရင်ဆိုင်ရန် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
MK – 001