တာချီလိတ်၊ ဒီဇင်ဘာ ၄

တာချီလိတ်မြို့နယ်အတွင်း ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စိုက်ပျိုးမြေအဖြစ် လျှောက်ထားရယူထားပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက (၂၀ဝ၀) နီးပါးကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ရန် လျှောက်ထားရယူထားသည့် မြေများကို (၄)နှစ်အတွင်း အကောင်အထည်ဖော်ရ မည်ဟု မြေလုပ်ကိုင်ခွင့်ချထားပေးစဉ်က စည်းကမ်းသတ်မှတ်ထားပြီး ထိုသို့ အကောင်အထည်ဖော်ခြင်း မရှိသည့် မြေများကို ပြန်လည်သိမ်းဆည်းခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စီမံကိန်း ဦးစီးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် ဟောင်လိတ်ကျေးရွာအုပ်စု၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုနှင့် ကျိုင်းလပ်မြို့နယ် နမ့်ခင်းကျေးရွာအုပ်စုတို့မှ မြေဧက ၁၉၆၈ ဒဿမ ၂၉ ဧကကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂(ဂ)၊ နည်းဥပဒေ ၅၁(ခ) တို့နှင့်အညီ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှ စ၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ရုပ်သိမ်းလိုက်ပြီး ပေးသွင်းထားသော အာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်သိမ်းဆည်းလိုက်သည့် မြေဧက ၁၉၆၈ ဒဿမ ၂၉ ဧကထဲတွင် တာချီလိတ်အခြေချစစ်ဗျူဟာမှ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရယူထားသည့် စိုက်ပျိုးမြေဧက ၃၆၇ဧကလည်း ပါဝင်ကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started