
ဘန်ကောက်၊ ဒီဇင်ဘာ ၃
ထိုင်းနိုင်ငံမှ အာဏာရှင်ထောက်ခံသည့် အဖွဲ့အစည်းများက ဒီမိုကရေစီပြောင်းလဲမှုများကို ဆက်လက် ခုခံနေပါက လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်လည်မြင်တွေ့ရနိုင်သည်ဟု ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံပါတီ Future Forward ခေါင်းဆောင်က ပြောသည်။
လာမည့်လတွင် Future Forwardပါတီ ဖျက်သိမ်းခံရမလားဟု တရားသူကြီးများဆုံးဖြတ်ရန်ရှိနေချိန်တွင် ယခုလိုပြောဆိုခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့၊ ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ပါတီနှင့် ပါတီအရာရှိကြီးများကို ပုဒ်မ ၂ ဒါဇင်ကျော်ဖြင့် ခေါင်းချိုးထားသည်ဟု သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်က ပြောသည်။
အာဏာရှင်တွေက လူတွေအပြင်ထွက်အောင်လုပ်နေတယ်ဟု သာနာသွန်းကပြောသည်။
“အခြေအနေတွေထိန်းနိုင်တယ်လို့ သူတို့ကမြင်တဲ့ပုံပေါ်ပေမဲ့ လူတော်တော်များများက တခြားနည်းနဲ့တွေးမှာပါ။ ကျွန်တော်မယုံပါဘူး။ ဒါတော်တော်အန္တရာယ်များတဲ့ အလောင်းအစားပဲ” ဟုပြောသည်။
ထိုင်းစစ်တပ်က အာဏာဆက်ယူထားခြင်းကို ဝေဖန်နေသူသာနာသွန်းက အာဏာသိမ်းမှုများ ဖြစ်ခဲ့သည့် ရာဇဝင်ရှိသော နိုင်ငံတွင် စစ်တပ်လွှမ်းမိုးမှုကို ဆန့်ကျင်နေသည်။
မီဒီယာပိုင်ဆိုင်မှု စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် နိုဝင်ဘာတွင် သာနာသွန်းကို လွှတ်တော်ဝင်ခွင့်ပိတ်ထားပြီး နိုင်ငံရေးလှည့်ကွက်ပါသည့်စွပ်စွဲချက်များဟု သာနာသွန်းက တုံ့ပြန်ထားသည်။
Source-Bangkok Post
Photo-Bangkok Post