
Ref: Bangkok Post
ကန်ဘာရာ၊ ဒီဇင်ဘာ ၅
ဘန်ကောက်မှ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ တင်ပို့သည့် ဆောင်းဘောက်များအတွင်းမှ အိုက်စ်မူးယစ်ဆေး ၁ ဒသမ ၆တန်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သြစတေးလျရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မူးယစ်ဆေးပမာဏမှာ သြစတေးလျနိုင်ငံတွင် ဖမ်းမိရသမျှ မူးယစ်ဆေးမှုထဲတွင် အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းအမှုနှင့်စပ်လျဉ်း၍ အသက် ၃၇နှစ်နှင့် ၃၈နှစ်အရွယ် အမျိုးသား ၂ဦးနှင့် ၃၇နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် အိုက်စ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၁၈သန်း(ကျပ် ၁၂၀၀ ဘီလီယံ)ကျော်တန်ကြေးရှိပြီး အိုက်စ်များနှင့်အတူ ဘိန်းဖြူ ၃၇ ကီလိုကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးထားသူ ၃ ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သည့် ပြစ်မှုဖြင့် တရားစွဲဆိုထားပြီး ပြီးခဲ့သည့် ယနေ့ ကြာသပတေးနေ့တွင် ရုံးထုတ်လာသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း သြစတေးလျသို့ပို့မည့် အိုက်စ် ၁ ဒသမ ၇ ကီလိုကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါပမာဏမှာ နိုင်ငံပြင်ပတွင်ဖမ်းမိသည့် မူးယစ်ဆေးပမာဏ အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံအတွက်လည်း ပြည်တွင်း၌ ပမာဏအများဆုံးဖမ်းဆီးရမိခြင်း ဖြစ်သည်။
သြစတေးလျနိုင်ငံမှာ မူးယစ်ဆေးကို ဈေးကြီးပေးသုံးနိုင်သူ များပြားသည့်အတွက် နိုင်ငံတကာမှ မူးယစ်မှောင်ခိုသမားများ မျက်စိကျရာနေရာလည်းဖြစ်သည်။
NLH