
တာချီလိတ်၊ ဒီဇင်ဘာလ ၅
တာချီလိတ်မြို့ရှိ အရောင်းဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ ယခင်ကထက် စစ်ဆေးတွေ့ရှိမှုနည်းပါး လာကြောင်း တာချီလိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန – FDA က ပြောသည်။
“အရင်က သက်တမ်းလွန်ပစ္စည်းတွေ အများကြီးတွေ့ရတယ်။ ခုနောက်ပိုင်းသိပ်မတွေ့တော့ဘူး။ နောက်ပိုင်းစစ်ဆေးနေတာသိတော့ ရောင်းတဲ့ဆိုင်တွေလဲ သတိထားပြီးပိုကြည့်ဖြစ်လာတယ်။ သူတို့ကိုယ်တိုင်က အမြဲရှင်းပစ်တယ်” ဟုတာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး(ဆေးဝါး)မှ ဒေါ်သိင်္ဂီထွန်းက ပြောသည်။

သုံးစွဲရန်မသင့်သည့်အစားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်း ရှိ၊မရှိ တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-FDA မှ လစဉ်ကွင်းဆေး စစ်ဆေးလျှက်ရှိပြီး ယနေ့ ဒီဇင်ဘာလ ၅ရက်တွင် တာချီလိတ်မြို့အတွင်းရှိ ဈေးဆိုင်အချို့ကို စစ်ဆေးကာ ကန့်သတ်ပစ္စည်းများကို သိမ်းဆည်းဖျက်ဆီးခဲ့သည်။

ယနေ့စစ်ဆေးမှုတွင် တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များကို စစ်ဆေးခဲ့ပြီး သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်Queen အမှတ်တံဆိပ် Strawberry အချိုရည်၊ Hunter အမှတ်တံဆိပ် ငါးရုပ်ပုံjelly နှင့်သက်တမ်းလွန် အစားအသောက်များကို သိမ်းဆည်းဖျက်ဆီးခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် စားသုံးရန်မသင့်သည့် ပစ္စည်းများရောင်းချသည့်ဆိုင်များကို တွေ့ရှိပါက ယင်းပစ္စည်းများကိုထပ်မံမရောင်းချရန် ခံ၀န်ကတိထိုးခိုင်းပြီး ရောင်းချနေသည်ကိုတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်သိင်္ဂီထွန်းက ပြောသည်။
Mi Lae