
တာချီလိတ်၊ ဒီဇင်ဘာ ၈
လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး – ICJတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာမှ တရားစွဲဆိုထားသည်ကို ရင်ဆိုင်ရန်သွားရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တစ်နိုင်ငံလုံးကို ကိုယ်စားပြု သွားရောက်ခြင်းဖြစ်သည့်အတွက် ဝိုင်းဝန်းထောက်ခံဆုတောင်းပေးကြရန် မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားစ်မောင်ဘိုက ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ကက်သလစ်သာသနာရောက်ရှိခြင်း နှစ် ၉၀ ပြည့်အခမ်းအနားသို့တက်ရောက်လာသည့် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ICJ တွင် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် သွားရောက်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံကို ကိုယ်စားပြုသွားရောက်ခြင်း ဖြစ်ကြောင်း ကာဒီနယ် ချားစ်မောင်ဘိုက ပြောသည်။

“သွားရောက်တာသည့် ပုဂ္ဂလိကအနေနဲ့ သွားရောက်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး သွားရောက်တာ ဖြစ်တယ်။ အစိုးရအတွက်ရော၊ စစ်တပ်အတွက်ရော၊ ပြည်သူပြည်သားတွေ အတွက်ရော သွားရောက်တာ ဖြစ်တဲ့အတွက် ထောက်ခံကြရမယ်၊ ဆုတောင်းကြရမယ်” ဟု၎င်းက ဆိုသည်။
ထိုသို့ သွားရောက်ရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် တစ်ဖက်မှ အမှန်အတိုင်းရှင်းပြပြီး တစ်ဖက်မှ အလွန်အမင်း အပြစ်ဖို့ စွပ်ဆွဲပြောဆိုမှုများကို ချေပနိုင်ရန်လိုအပ်ကြောင်း ကာဒီနယ် ချားစ်မောင်ဘိုက ဆိုသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဆိုပါကလည်း ၎င်းအနေဖြင့် လက်မခံကြောင်း၊ အခြေအနေများ ပိုမိုကောင်းမွန်လာရန် ဝိုင်းဝန်းကူညီကြဖို့သာလိုကြောင်း ကာဒီနယ်က ပြောဆိုသည်။
“ပိတ်ဆို့မှုဘယ်လိုလုပ်လုပ် ရှိတဲ့သူ တတ်နိုင်တဲ့သူက မထိဘူး။ ထိမှာက ဈေးနှုန်းတွေတက်လာမယ်ဆိုရင် ဆင်းရဲသားလူအုပ်စုကြီးပဲ အခက်အခဲဖြစ်မယ်။ ဒါကြောင့် ပိတ်ဆို့မှု(Sanction) ကို လုံးဝ သဘောမတူဘူး” ဟု၎င်းက ပြောသည်။

ICJ တွင် တရားစွဲဆိုထားသည့် အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက် ရင်ဆိုင်ခြင်းအပေါ် ထောက်ခံကြောင်းနှင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူလူထုကို ထိခိုက်အောင်မလုပ်ရန် ပြောဆိုထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားစ်မောင်ဘိုက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။
ICJ ကိုရင်ဆိုင်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အဖွဲ့သည် ယနေ့ ဒီဇင်ဘာ ၈ရက် နံနက်ပိုင်းတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။
MK – 001