
တာချီလိတ်၊ ဒီဇင်ဘာ ၁၀
နိုင်ငံတကာတရားရုံး ICJ တွင် တရားစွဲဆိုထားသည်ကို သွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို ထောက်ခံသည့် ဟောပြောပွဲနှင့် စီတန်းလမ်းလျှောက်ပွဲကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၀ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည်။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဘာသာဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် လူအင်အား ၅၀၀က ထောက်ခံပွဲမှာ ပူးပေါင်းပါဝင်သည်။

ဘင်္ဂလီပြသနာမှာ ကြီးမားသည့် ပြသနာဖြစ်ပြီး ဂရုမစိုက်ဘဲထားပါက မြန်မာနိုင်ငံပျောက်သွားသည်အထိ ဖြစ်သွားနိုင်တာကြောင့် အဆိုပါကိစ္စအပေါ်နိုင်ငံတကာမှ ရှင်းလင်းစွာသဘောပေါက်စေရန် သွားရောက်ရှင်းလင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံခြင်းဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာမြင့်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင်းမွေးဖွားပြီး မြန်မာနိုင်ငံအရေးမှာ ၎င်း၏အရေးဟု ခံယူထားသည့်အတွက် ယခုကဲ့သို့ထောက်ခံပွဲတွင် ပူးပေါင်းပါဝင်ရခြင်းဖြစ်ကြောင်း ပန်းသေးဂျာမေဗလီမှ ရှေ့ဆောင်ဆရာတစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
“နိုင်ငံမှာ ဘေးကျရောက်လာရင် ဒီနိုင်ငံက ပြည်သူတွေပဲ ခံစားရမှာဖြစ်လို့ သွားရောက်ဖြေရှင်းတာကို ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကလည်း အောင်မြင်အောင် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု၎င်းက ပြောသည်။

ထောက်ခံပွဲကို ဟောပြောပွဲနှင့် စီတန်းလှည့်လည်ခြင်းဟူ၍ နှစ်ပိုင်းခွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ ပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်းဆောင်များက ဟောပြောခဲ့ပြီး တာချီလိတ်မြို့ရှမ်းရိုးမကွင်းမှ အမှတ်(၁)တံတားအဝိုင်းအထိ အသွားအပြန် စီတန်းလှည့်လည်ခဲ့သည်။
MK-001