
တာချီလိတ်၊ ဒီဇင်ဘာ ၁၄
စက်ရုံခြံစည်းရိုးကာရံနေစဉ် ကျေးရွာသားများက လာရောက်ခြောက်လှန့်တားဆီးကာ ခြံစည်းရိုးတိုင်နှင့် သွပ်ပြားများကို ဖျက်စီးခဲ့တာကြောင့် ဦးဆောင်ပါဝင်သူ (၃)ဦးနှင့် ခြံစည်းရိုးဖျက်ဆီးရာတွင် ပါဝင်သည့် ကျေးရွာသားများကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၂ရက်က ကုမ္ပဏီဘက်မှ အမှုဖွင့်လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ ၂၆ရက်က တစ်ကြိမ်၊ နိုဝင်ဘာလ ၁၇ရက်က တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ကွင်းအမှတ် (၂၆)ဧရိယာရှိ ဧက (၁၀၀)ကို ဟုန်ပန်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည့် စက်ရုံမြေဧက (၁၀၀)ကို ခြံခတ်နေစဉ် ဒေါ်ယဉ်ယဉ်ဌေး၊ ဦးစိုင်းမွန်ရှဲန်နှင့် ဦးနန်းတစ်တို့က ခြိမ်းခြောက်ပြောဆိုကာ တာဆီးခြင်း၊ ခတ်ထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးပစ်ခြင်းတို့ကြောင့် ဟုန်ပန်းကုမ္ပဏီ၏ အထွေထွေကိုယ်စားလှယ်လွှဲ အပ်ခြင်းခံရသူ ဦးဘုန်းနိုင်ဝင်းက တရားလိုပြုလုပ်ကာ တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်မြေနေရာကို အကောင်အထည်ဖော်ရန်အတွက် ကာလစည်းကမ်းသတ်မှတ်ချက်ရှိပြီး အဆိုပါကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နှောက်ယှက်သူများကို ယခုကဲ့သို့ တရားစွဲဆိုရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားသူ ဦးဘုန်းနိုင်ဝင်းက ပြောသည်။
“အခုလို တရားမစွဲခင် ကျွန်တော်တို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်။ ရွာသားတွေကို လျော်ကြေးပေးဖို့ရော၊ မြေနေရာအစားပြန်ပေးဖို့ရော ညှိနှိုင်းခဲ့ပေမယ့် လက်မခံဘဲ နှောက်ယှက်နေလို့ အခုလို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။
ကျေးရွာသားများနှင့် ညှိနှိုင်းအဆင်ပြေပါက အမှုကို အချိန်မရွေးပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းနိုင်ဝင်းက ပြောသည်။
စက်ရုံခြံစည်းရိုးကို သွားရောက်ဖျက်ဆီးရာတွင် ၎င်းပါဝင်ခြင်းမရှိဘဲ ကျေးရွာသားများ သွားရောက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ မြေယာလျော်ကြေးပေးရန် ကုမ္ပဏီက ညှိနှိုင်းသော်လည်း ရွာသားများ အလိုရှိသည့် ဈေးနှုန်းနှင့် ကုမ္ပဏီမှပေးသည့် ဈေးနှုန်း ကွာဟနေသည့်အတွက် အဆင်မပြေခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခံရသည့် ဒေါ်ယဉ်ယဉ်ဌေးက ပြောသည်။
“ကုမ္ပဏီက တစ်ဧကကို ကျပ်သိန်း ၁၅၀ပဲပေးတယ်။ ကျွန်မတို့က တစ်ဧကကို လက်ရှိပေါက်ဈေးအတိုင်း ဘတ်သိန်း(၂၀)(ကျပ်သိန်း ၁၀၀၀ခန့်) လိုချင်တယ်။ အဲဒါကြောင့်ညှိလို့အဆင်မပြေဖြစ်တာ။ ဒီမြေကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဆီ စာတင်ထားတယ်။ သမ္မတရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလိုက်နာမယ်”ဟု၎င်းက ပြောသည်။
အဆိုပါမြေနေရာမှာ ၁၉၉၉ခုနှစ်က စက်မှုဇုန်ဖော်ဆောင်ရန် သိမ်းဆည်းခဲ့သည့် မြေဧက ၆၀၁ ဧကတွင် ပါဝင်ပြီး ဟုန်ပန်းကုမ္ပဏီက စက်မှုလုပ်ငန်းများ လုပ်ဆောင်ရန် လျှောက်ထားကာ ရယူထားခြင်းဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရအနေဖြင့် စက်မှုဇုန်သိမ်းဆည်းမြေ ၆၀၁ ဧကမှ အသုံးပြုခြင်းမရှိသည့် ၃၁၇ဧကကို ကျေးရွာသားများထံ ပြန်လည်ပေးအပ်ရန် ပြင်ဆင်နေပြီး ကျေးရွာသားများဘက်ကမူ ဟုန်ပန်းကုမ္ပဏီရယူထားသည့် ဧက ၁၀၀ ထဲမှ အသုံးပြုခြင်းမရှိသည့် မြေနေရာများကိုပါ ပြန်လည် တောင်းဆိုနေခြင်း ဖြစ်သည်။
MK-001