ဥပဒေဆိုင်ရာတွေ့ဆုံဆွေးနွေးဟောပြောစဉ်/Photo by MeKongNews

တာချီလိတ်၊ ဒီဇင်ဘာ ၁၅

အခြားဒေသများမှ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ရာဇဝတ်မှုနှင့် သက်ဆိုင်သည့်မှုခင်းများရင်ဆိုင်ရာတွင် ဥပဒေဆိုင်ရာ အကူအညီလိုအပ်ပါက ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ထံ အခမဲ့ အကူအညီတောင်းခံနိုင်ကြောင်း ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။

ဒီဇင်ဘာလ ၁၄ရက် နံနက်ပိုင်းက တာချီလိတ်မြို့တွင်ပြုလုပ်သည့် ဥပဒေဆိုင်ရာတွေ့ဆုံဆွေးနွေးဟောပြောပွဲ အပြီးတွင် ဦးခင်ဇော်က မဲခေါင်သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးခင်ဇော်-ပြည်ထောင်စုဥပဒေအထောက်အကူပြုရေးအဖွဲ့အတွင်းရေးမှူး/Photo by MeKongNews

“ဆင်းရဲနွမ်းပါးသူဖြစ်မယ်။ အမျိုးသမီးဖြစ်မယ်၊ ကလေးသူငယ်ဖြစ်မယ်၊ မသန်စွမ်းတဲ့သူဖြစ်မယ်။ နာတာရှည်ရောဂါသည်ဖြစ်မယ်။ သက်ကြီးရွယ်အိုဖြစ်မယ်။ နိုင်ငံမဲ့ဖြစ်မယ်။ နိုင်ငံခြားသားဖြစ်မယ်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့သူပါမယ်။ အခြေတကျမနေနိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေပါတယ်။ အဲလိုလူတွေကို ကျွန်တော်တို့က ဥပဒေအထောက်အကူ အခမဲ့ပေးနေပါတယ်” ဟု ဦးခင်ဇော်က ပြောသည်။

ထိုကဲ့သို့ လူတန်းစားများတွင် ပြစ်မှုဖြင့် တရားစွဲခံရခြင်း၊ ထောင်ကျခံရခြင်းကဲ့သို့ ရာဇဝတ်မှုများကို အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တရားမမှုကိုမူ ဆောင်ရွက်ပေးမည်မဟုတ်ကောင်း ၎င်းက ပြောသည်။

ဥပဒေဆိုင်ရာတွေ့ဆုံဆွေးနွေးဟောပြောစဉ်/Photo by MeKongNews

“တရားမမှုဆိုတာ ပြည်သူချင်းဖြစ်တာများပါတယ်။ နောက်ပြီးတရားမမှုကို ကူညီဆောင်ရွက်ခြင်းမပြုဘူးဆိုတာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဥပဒေမှာကိုက ပြစ်မှုနဲ့ စွပ်စွဲခံရသူတွေကို ကူညီဖို့ ပြဌာန်းထားပါတယ်” ဟုဦးခင်ဇော်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းမှ အကူအညီရယူလိုသူများအနေဖြင့် တာချီလိတ်ခရိုင်တရားရုံးဘေးရှိ ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ ရုံးခန်းတွင် သွားရောက်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ကို ၂၀၁၈ခုနှစ် မေလ အတွင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် NLD ပါတီမှ ဦးဉာဏ်ဝင်းက တာဝန်ယူထားသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started