
တာချီလိတ်၊ ဒီဇင်ဘာ ၁၆
နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်တစ်ဦးကို စိတ်ကြွဆေးပြား ၇၀၀၀ကျော်နှင့်အတူ တာချီလိတ်မြို့၊ မယ်လိပါကော်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။
မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၅ရက် ညနေ ၅နာရီခွဲခန့်က တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာတွင်နေထိုင်သည့် အမှတ် ၁၀၀၉ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ် စံတင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကုတင်ပေါ်ရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၇၃၃၀ ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူဖမ်းဆီးရမိသည့် စံတင်ဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။