
တာချီလိတ်၊ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို အရေးယူမည့် အစီအစဉ်နှင့် လောင်းကစား လျော့နည်းပပျောက်ရေးကိစ္စတို့နှင့် စပ်လျဉ်းဖြေကြားသည့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အဖြေအပေါ် ကျေနပ်မှုမရှိကြောင်း မေးခွန်းမေးမြန်းသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က ဆိုသည်။
ဒီဇင်ဘာလ ၁၇ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က တရားမဝင်တရုတ်နိုင်ငံသားများနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် လောင်းကစားလျော့နည်းပပျောက်ရေး အစီအစဉ်တို့ကို မေးမြန်းရာ စပ်လျဉ်းဖြေကြားသည့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
“ကျေနပ်မှုမရှိဘူး။ မေးလိုက်ရင် ဝေ့လည်ချောင်ပတ်ဖြေနေတာထက် တကယ်ဖမ်းပေးတာကိုပဲ လိုချင်တာပေါ့။ လောင်းကစားကိစ္စဆိုရင် အမျိုးသားလွှတ်တော်မှာရော၊ ရှမ်းပြည်နယ်လွှတ်တော်မှာရော အဆိုအောင်ပြီးသားပဲ” ဟု မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က မဲခေါင်သတင်းဌာနသို့ ပြောသည်။
ဦးဆန်းဝင်းအောင်က တရားမဝင်တရုတ်နိုင်ငံသားများ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်နေထိုင်လုပ်ကိုင်မှုများကို ရှမ်းပြည်နယ်အစိုးရက စာရင်းပြုစုပေးရန် ရှိ၊ မရှိ၊ ဗီဇာစည်းကမ်းဖောက်ဖျက်သည့် တရုတ်နိုင်ငံသားများအား သက်ဆိုင်ရာဌာနက စိစစ်ကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ တရားမဝင် သတ္တု၊ သစ်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား လုံခြုံရေးနယ်မြေအတွင်း ဖော်ထုတ်အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လောင်းကစားဂိမ်းခုံများကို စိစစ်အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ တရားဝင် လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၃၈ ဦးရှိပြီး တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသား ၅၁၄ ဦးရှိကြောင်း ဗိုလ်မှူးကြီးလှဦးက ပြန်လည်ဖြေကြားသည်။
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီခန့်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စာရင်းကောက်ယူ အရေးယူလျက်ရှိသလို သတ္တုလုပ်ကွက်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုလည်း အရေးယူလျက်ရှိကြောင်း ၎င်းက ဖြေကြားသည်။
လောင်းကစားဝိုင်းများ လျော့နည်းပပျောက်ရေးအတွက်လည်း ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပြီး လောင်းကစားမှုများကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ပျက်ကွက်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MK-001