
ဒီဇင်ဘာ ၁၆၊ ဖန်ငါ
၂၀ဝ၄ ခုနှစ်၊ ဘောက်ဆင်ဒေးနေ့တွင်လှုပ်ခတ်ခဲ့သော အိန္ဒိယသမုဒ္ဒရာဆူနာမီငလျင် ၁၅ နှစ်ပြည့်ကာနီးလာချိန်တွင် ထိုင်းတောင်ပိုင်းရှိရဲစခန်းတစ်ခုမှကုန်သေတ္တာတစ်လုံးတွင် မည်သူမည်ဝါမှန်းမဖော်ထုတ်နိုင်သေးသော ရုပ်ကြွင်းရာချီကိုသက်သေခံပေးနိုင်သည့်အရာများ ရှိနေသည်။
အထဲတွင်ရှိနေသည့် ပိုက်ဆံအိတ်၊ စာရွက်စာတမ်း၊ အီလက်ထရောနစ်ပစ္စည်းများနှင့် သက်သေဟုတံဆိပ်ကပ်ထုပ်ပိုးထားသော တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများသည် အနီးတွင်မြှုပ်နှံထားပြီး နံပါတ်များသာမှတ်ထားသည့်ကွယ်လွန်သူများ နည်းမှန်းလမ်းမှန်နားနေနိုင်ရေးနှင့် အမည်ဖော်ထုတ်ရန်အကူအညီပေးလိမ့်မည်ဟု ရဲများက မျှော်လင့်ကြသည်။
“ကွယ်လွန်သွားတဲ့သူတို့ချစ်တဲ့ခင်တဲ့လူတွေကိုပြန်တွေ့မယ်ထင်နေကြတဲ့ သေဆုံးသူတွေရဲ့ဆွေမျိုးတွေကျန်နေသေးတယ်။ နီးတဲ့နေရာမှာရော၊ ဝေးတဲ့နေရာမှာရောပေါ့လေ။ ” ဟု ဆူနာမီအဆိုးဆုံးထိခဲ့သည့်နေရာများတွင်ပါသည့် တာကွာပါခရိုင်၊ တာကွာပါစခန်းမှ ဒုတိယရဲမှူး ရဲဗိုလ်မှူးကြီး ခမ်မာရင် ဟတ်ဆီနီကပြောသည်။
နိုင်ငံတစ်ဒါဇင်ကျော်၏ကမ်းရိုးတန်းများကိုရိုက်ခတ်ခဲ့ပြီး ၁၇.၄ မီတာမြင့်သည့်လှိုင်းများရိုက်ခတ်ခဲ့သည့် ၉.၁ မဂ္ဂနီကျူ့အဆင့်ရှိငလျင်မှစခဲ့သည့်ဆူနာမီကြောင့် လူ ၂၃၀ဝ၀ဝ ကျော်သေဆုံးခဲ့ပြီး အချို့နေရာများစက္ကန့်ပိုင်းအတွင်းပျောက်ဆုံးခဲ့သည်။
ထိုင်းနိုင်ငံတွင်လည်း လူ ၅၀ဝ၀ ကျော်သေဆုံးခဲ့ပြီး ရဲများနှင့် နိုင်ငံ ၃၀ ကျော်မှမှုခင်းဆရာဝန်များပါဝင်သည့် သဘာဝဘေးသင့်သေဆုံးသူများအမည်ဖော်ထုတ်ရေးအဖွဲ့များဖွဲ့စည်းပြီး နှစ်နှစ်အတွင်း လူ ၃၆၀ဝ ကိုအမည်ဖော်ထုတ်နိုင်ခဲ့သည်။
ရဲဗိုလ်မှူးကြီး ခမ်မာရင်သည်လည်း ထိုနိုင်ငံတကာအဖွဲ့များတွင်ပါဝင်ခဲ့သည်။
သို့သော် ၁၅ နှစ်ကြာလာချိန်တွင် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားပြီး ဦးဆောင်သူများလည်းပျောက်ဆုံးနေသည်ဟု ခမ်မာရင်ကပြောသည်။
“တကယ်လို့ သေချာဆုံးဖြတ်ထားပြီး လုပ်ငန်းတွေနောက်တစ်ကြိမ်ပြန်စရင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့အလောင်း ၃၄၀ လောက်ရဲ့နာမည်တွေသိရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။”ဟု ခမ်မာရင်က တာကွာပါမြို့တွင် ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။
ဘန်နန်ခမ်တွင်နေထိုင်သော အသက် ၇၆ နှစ်ရှိ ဟင်တမ်နာသည်လည်း မိသားစုဝင် ၇ ဦးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်အထိ သမီးအကြီးဆုံးကိုရှာမတွေ့သေးပေ။
ဆူနာမီကြောင့် ရွာတွင်သေဆုံးခဲ့သောလူ ၁၅၀ဝ ကျော်ထဲတွင် သူ၏မိသားစုဝင်လည်းပါဝင်နေခြင်းဖြစ်သည်။
“(ကျွန်မသမီးကိုပြန်တွေ့မယ်ဆိုတဲ့)မျှော်လင့်ချက်တွေဆက်ထားလို့ ဖြစ်လာမှာလည်းမဟုတ်ပါဘူး။ ရှာတွေ့မယ်လို့ မထင်တော့ဘူး။”ဟု ဟင်တမ်နာကပြောသည်။
Source-Bangkok Post
ဥက္ကာ #MeKongNews
Photo- Patipat Janthong/ Bangkok Post