စစ်တမ်းကိုအခြေခံပြီးပြုပြင်ပြောင်းလဲသွားမည်ဟုဆိုသည်

တာချီလိတ်၊ ဒီဇင်ဘာ ၁၈
တရားရုံးများတွင် ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်သည့် ကများကို ဖော်ထုတ်နိုင်ရန်အတွက် တရားရုံးအသုံးပြသူများ၏ စိတ်ကျေနပ်မှုစစ်တမ်းကို တာချီလိတ်ခရိုင် တရားရုံးတွင် ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းမှ စတင်ကာ ကောက်ခံလျက်ရှိသည်။

ထိုသို့ကောက်ခံရာတွင် တရားရုံးနေရာသည် လာရောက်ရန်လွယ်ကူခြင်း၊ တရားရုံးဝန်ထမ်းများ ယဉ်ကျေးစွာဆက်ဆံခြင်း စသည်တို့အပါအဝင် အချက် (၁၃)ချက်အပေါ် တရားရုံးအသုံးပြုသူများအနေဖြင့် သဘောတူခြင်းရှိ၊ မရှိကို မေးမြန်းကောက်ခံခြင်းဖြစ်ပြီး သီးခြားထပ်မံအကြံပြုလိုသည်များကိုလည်း ဖြည့်စွက် အကြံပြုနိုင်ကြောင်းသိရသည်။

“အခုလို ကောက်ခံရရှိတဲ့ အချက်အလက်တွေကို မူတည်ပြီး ဘယ်အရာတွေကို ပြင်ရင် ပိုကောင်းသွားမလဲ ဆိုတာကို သိရှိပြီး ပြင်ဆင်သွားမှာပါ။ ဒီလိုပြင်ဆင်ပြီးလို့ ကာလတစ်ခုကြာရင် စစ်တမ်းထပ်ကောက်မယ်။ ပြောင်းလဲသွားလား၊ မပြောင်းလဲဘူးလားဆိုတာ သိရအောင်” ဟု တာချီလိတ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တမ်းကောက်ယူမှုကို ဒီဇင်ဘာလ ၁၈ရက် တစ်ရက်ထဲ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်တမ်းကောက်ယူရာတွင် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်း၊ ဗမာယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူ့ဝန်ထမ်းဟောင်းများအဖွဲ့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
MK-001