
တာချီလိတ်၊ ဒီဇင်ဘာ ၁၉
တိုင်းရင်းသား လူမျိုးစုတစ်စု၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင် အခက်အခဲပေါင်းစုံကြုံတွေ့ ရကြောင်း အာခါတိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၉ရက် နံနက်ပိုင်းက ကျင်းပသည့် (၁၂)ကြိမ်မြောက် အာခါရိုးရာ စုပေါင်း ခါးထောင်းဖားပွဲတော် အပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် စာသင်ကြားသည့်အခါ ဗမာစာဖြင့်သာ သင်ကြားသည့်အတွက် တိုင်းရင်းသား လူငယ်များမှာ ရိုးရာစာပေကို တတ်မြောက်ခြင်းမရှိတော့သည့် အခက်အခဲကို ကြုံရသလို အခြားအခက်အခဲများလည်း ရှိကြောင်း တာချီလိတ်မြို့မှ အာခါတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းညိုကပြောသည်။
“ကျောင်းမှာစာသင်ကတည်းက ဗမာစကားနဲ့သင်ရတာပေါ့လေ။ ဒါကြောင့် လူငယ်တွေကြားမှာ မိမိဘာသာစကားကို ပြည့်ပြည့်စုံစုံပြောဖို့ နည်းနည်းအခက်အခဲတော့ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
နောက်ပိုင်းတွင် အာခါစာပေကို မူလတန်းအဆင့်တွင် သင်ကြားလာသည့်အတွက် တိုးတက်လာသော်လည်း အာခါစာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမ အရည်အတွက်မှာ လိုအပ်နေဆဲဖြစ်ကြောင်း ဦးမင်းညိုက ဆိုသည်။
တိုင်းရင်းသားရိုးရာ အထိမ်းအမှတ်ပွဲများပြုလုပ်ရာတွင်လည်း အစိုးရမှ ထောက်ပံ့ပေးသည့် ငွေကြေးရှိသော်သည့် အဆိုပါငွေကြေးပမာဏမှာ နည်းပါးသည့်အတွက် အခက်အခဲကြုံရကြောင်း အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလက ပြောသည်။

“တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိတယ်။ ချထားပေးတဲ့ ရန်ပုံငွေက နည်းတဲ့အခါကျတော့ ကျွန်တော်တို့ ပြည့်စုံအောင် မကူညီနိုင်ဘူး” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားရိုးရာ အထိမ်းအမှတ်ပွဲများ ပြုလုပ်ပါက အများအားဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပြည်သူများ၏ ကူညီမှုကိုသာ အားကိုးနေရဆဲဖြစ်ကြောင်း သိရသည်။
MK – 001