တစ်နိုင်ငံလုံးတောက်တခတ်ခတ်

တစ်နိုင်ငံလုံးစိတ်ဝင်စားကြသည့် ဗစ်တိုးရီးယားလေး အဓမ္မကျင့်ခံရမှုတွင် စွဲချက်တင်ခံထားရသည့် သံသယတရားခံ အောင်ကြီးကို တရားရုံးက ဒီဇင်ဘာလ ၁၈ရက်က တရားရှင်လွှတ်လိုက်သည်။ မြန်မာတစ်နိုင်ငံလုံးမှ လူထုများက တရားခံမှာ အောင်ကြီးမဖြစ်နိုင်ကြောင်း ပြောဆိုနေချိန်တွင် အောင်ကြီးကို စွဲချက်မတင်မီ တရားရှင်လွှတ်လိုက်ခြင်း အပေါ် ပြည်သူအများက နှစ်ထောင်းအားရကြသည်။

ပြည်သူများ အများ ကျေနပ်နေချိန်တွင် ရတတ်မအေးသူများက ရဲတပ်ဖွဲ့ အကြီးအကဲများပင် ဖြစ်သည်။ တရားရုံး အမိန့်မချမီကပင် အောင်ကြီးကို တရားခံဟု စွပ်စွဲပြောဆိုခဲ့သည့် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့မေတ္တာကို မခံယူနိုင်ဘဲ သတင်းစာရှင်းလင်းပွဲ လုပ်ကာ အောင်ကြီးကိုပင် တရားခံဟုပင်ယူဆကြောင်း ထပ်မံ ပြောဆိုသည်။ ထို့အပြင် တစ်နိုင်ငံလုံးက ဂရုဏာသက်ကာ နာမည်ရင်းကို ဖျောက်ပေးထာသည့် ဗစ်တိုးရီးယားလေး၏ နာမည်ရင်း အပါအဝင် အချက်အလက်များကို ထုတ်ပြောလိုက်သည်။

ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေအရ ပြစ်မှုမြောက်သည့် အချက်အလက်များကို ရဲတပ်ဖွဲ့၏ အဆင့်မြင့်ဆုံး အရာရှိများကိုယ်တိုင် ထုတ်ပြောလိုက်ခြင်းသည် မြန်မာတစ်နိုင်ငံလုံးကို အကြီးအကျယ် မှင်သက်သွားစေသည်။ ထို့အပြင် ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း အမှုနှင့် ပတ်သက်သည့် ထိန်းသိမ်းထားရမည့် လျို့ဝှက်စာရွက်စာတမ်းများကို ထပ်မံ တင်လိုက်ပြန်သည်။ အဆိုပါ ကိစ္စရပ်အပေါ် မြန်မာတစ်နိုင်ငံလုံး တောက်တခတ်ခတ် ဖြစ်ကြသည်။ အားလုံးက ဝိုင်းဝန်းရှုံချကာ ရဲတပ်ဖွဲ့ကို တရားစွဲဖို့ပင် ပြင်ဆင်နေကြပြီဖြစ်သည်။

တရားစီရင်ရေးမှ ချမှတ်ခဲ့သည့် အမိန့်အပေါ် ဆန့်ကျင်သည့် ပြောကြားချက်များကို ရဲတပ်ဖွဲ့က ပြောဆိုသည်မှာ ယခုတစ်ကြိမ်တွင် ပထမဆုံး အထင်ရှားဆုံးပင်ဖြစ်သည်။ အောင်ကြီးကို တရားစွဲဆိုစဉ်ကပင် လက်ညှိုးမှ သုတ်ထွက်သည်ဟု လှောင်ပြောင်ဖွယ် စကားများပြောကြားခဲ့သည်မှာလည်း ရဲတပ်ဖွဲ့ပင် ဖြစ်သည်။ ထို့ကြောင့် ဂရုဏာသက်ဖွယ် ဗစ်တိုးရီးယားအမှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ၏ ဒေါသနှင့် ထိုက်တန်ပေသည်။ ဥပဒေနည်းကျ ပြည်သူကို ကာကွယ်ရမည့် အဖွဲ့အစည်းက ဥပဒေကို ဖောက်ဖျက်ကာ ပြည်သူအပေါ်ကျူးလွန်လိုက်သည့် ပြစ်မှုမှာ အလွန်ပင် အရှက်ရဖွယ်ဖြစ်သည်။ အဆိုပါ ကျူးလွန်မှု အပေါ် တာဝန်ရှိသူ တစ်ဦးချင်းမှ တာဝန်ယူတာန်ဝန်ခံရမည်ဖြစ်ပြီး အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်ကလည်း မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူရန် လိုအပ်မည်ဟု မဲခေါင်သတင်းဌာနက ယူဆသည်။

Leave a comment

Design a site like this with WordPress.com
Get started