လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အင်တာနက်ကုမ္ပဏီများနှင့် မီးလင်းရေးကော်မတီ ဆွေးနွေးမည်

အာခါဈေးမီးပွိုင့်အနီးဓာတ်တိုင်တွင် မီးလောင်နေစဉ် Credit – Photo by Sai Kham Boo

တာချီလိတ်၊ ဒီဇင်ဘာ ၂၁

အင်တာနက်ဖိုက်ဘာကြိုးများရှုပ်ထွေးပြီး မီလောင်ခြင်းကဲ့သို့ ဖြစ်ရပ်များနှင့် အခြားလျှပ်စစ်အန္တရာယ်များ ကင်းရှင်းစေရေးအတွက် တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)နှင့် ဖိုက်ဘာကြိုးသွယ်တန်းထားသည့် ကုမ္ပဏီများ လာမည်ရက်ပိုင်းအတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီမှ သိရသည်။

လက်ရှိအချိန်တွင် တာချီလိတ်မြို့နယ်အတွင်းမှ အင်တာနက်ကုမ္ပဏီများအနေဖြင့် ဖိုက်ဘာကြိုးများကို မြို့နယ်မီးလင်းရေးကော်မတီ၏ ဓာတ်တိုင်များပေါ်မှ ချိတ်ဆက်သွယ်တန်းထားပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အင်တာနက်ဖိုက်ဘာကြိုးများ အပူလွန်ကဲပြီး တာချီလိတ်မြို့၊ အာခါဈေးမီးပွိုင့်ရှိ ဓာတ်တိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလင်းရေးကော်မတီရဲ့ ဦးစားပေးလုပ်ငန်းက လျှပ်စစ်အန္တရယ် ကင်းရှင်းရေးနဲ့ ပျောက်ဆုံးယူနစ်လျော့ကျရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး စည်းကမ်းချက်တွေ ထည့်ဖြည့်သင့်တာ ဖြည့်မယ်။ အင်တာနက်ကလည်း မရှိမဖြစ် အရေးပါလာတဲ့ အရာဆိုတော့ ဖြုတ်ခိုင်းလို့တော့ မရဘူး” ဟု တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ ဦးတင်လှိုင်က ဒီဇင်ဘာလ ၁၉ရက်က ပြောသည်။

တာချီလိတ်မြို့တွင် မီးလင်းရေးကော်မတီပိုင် ဓာတ်တိုင်များပေါ်မှတဆင့် ဖိုက်ဘာကြိုး ချိတ်ဆက်သွယ်တန်းထားသည့် အင်တာနက် ကုမ္ပဏီ (၉)ခုရှိပြီး လစဉ်ကြေးအနေဖြင့် မြို့တွင်း၌ ဓာတ်တိုင် တစ်တိုင်လျှင် (၅)ဘတ်နှုန်း၊ မြို့ပြင်တွင် ဖိုက်ဘာကြိုး တစ်ကီလိုမီတာလျှင် ကျပ်(၂၁၀၀၀)နှုန်းဖြင့် လစဉ်ကြေး ပေးသွင်းလျှက်ရှိကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started