တာချီလိတ်၊ ဒီဇင်ဘာလ ၂၅

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကြားဖြတ်သန်းခေါင်စာရင်းကို ခရိုင်အဆင့် ကောက်ကွက်ပေါင်း ၄၀၀၀ ကျော်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ကောက်ခံနေပြီဖြစ်ကြောင်း  ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုုး ဒေါ်ခိုင်ခိုင်စိုးမှ နေပြည်တော် Park Royal Hotel၌ ဒီဇင်ဘာ ၂၄ရက်တွင် ပြုလုပ်ခဲ့သည့် လူဦးရေခန့်မှန်းခြင်း ၁၉၈၃-၂၀၁၄ သုတေသနအစီရင်ခံစာ ထုတ်ပြန်ကြေငြာခြင်း အခမ်းအနားတွင် ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၀၀၀ ကျော်ရှိပြီး အဆိုပါကောက်ကွက်များကို ခရိုင်အဆင့်ကောက်ကွက် ၄၀၀၀ကျော် ပြန်လည်သတ်မှတ်ကာ အဆင့် (၄)ဆင့်ဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်စိုးကပြောသည်။

“ကျွန်မတို့ နိုဝင်ဘာလက စကောက်ပါတယ်။ အဆင့် (၄)ဆင့်ခွဲပြီးကောက်ခံပါတယ်။ ပထမအဆင့်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နေပြည်တော်မှာ ကောက်ပါတယ်။ ဒုတိယက ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ (၅)ခုကောက်ပါတယ်။ ပြီးရင် ပဲခူး၊ မကွေး၊ စစ်ကိုင်း (၃)တိုင်းကောက်ပါ့မယ်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေး၊ ရခိုင်နဲ့ရှမ်းကို ကောက်ယူသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ခံရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အဆင့်အထိ အချက်အလက်များ ရရှိရန် စီမံချက်ကို ရေးဆွဲပြင်ဆင်ထားပြီး သွားလာရခက်ခဲပြီး ဝေးလံသည့် ဒေသများတွင် ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၆၀ ရှိလာမည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားသည်။

MK-001

#MeKongNews

Leave a comment

Design a site like this with WordPress.com
Get started