
ဘန်ကောက်၊ ဒီဇင်ဘာ ၂၄
တွစ်တာတွင် ထိုင်းကြက်မွေးမြူရေးလုပ်ငန်းတစ်ခုကို အသရေဖျက်သည်ဟုဆိုပြီး ထိုင်းရုပ်သံသတင်းထောက်တစ်ဦးကို ထောင်နှစ်နှစ်ကျခံရန်ဆုံးဖြတ်ခဲ့သည်ဟု သူ့ရှေ့နေကပြောသည်။
ထိုအချိန်က Voice TVတွင်အလုပ်လုပ်နေသည့် ဆူချာနီ ကလွိုင်တာက သမ်မာဆက်မွေးမြူရေးလုပ်ငန်းရှိ လုပ်ငန်းခွင်အခြေအနေများအကြောင်းဥပဒေအရအငြင်းပွားမှုကို တွစ်တာတွင်တင်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ်သတ်မှတ်ခဲ့ခြင်းဟု ရှေ့နေဝိုရာပွန်း အူထိုင်ရန်ဆီးကပြောသည်။
“ကျွန်မတုန်လှုပ်မိပါတယ်။ အပြစ်ဒဏ်အဲ့လောက်ပြင်းထန်မယ်လို့ မထင်မိဘူးလေ”ဟု ထောင်ဒဏ်ကျခံရပြီးနောက် ရိုက်တာသတင်းအေဂျင်စီကို ဆူချာနီကပြောသည်။
သူ့ ၈ လအရွယ်သားလေးအတွက် စိတ်ပူကြောင်းလည်းပြောသည်။
သမ်မာကဆက်မှအခြေအနေများကို ၂၀၁၆ ခုနှစ်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဖွဲ့က တိုင်ကြားခဲ့ကြောင်း သူ၏တွစ်တာစာသား(တွိ)တွင် ပါဝင်သည်။
အစောပိုင်းတွင် မွေးမြူရေးခြံက လုပ်သားများကို အသရေဖျက်မှုဖြင့်တရားစွဲခြင်းကိုပယ်ချခဲ့ပြီးနောက် လုပ်သားများလျော်ကြေးရသင့်သည်ဟု ထိုင်းတရားရုံးက ယခုနှစ်တွင်ဆုံးဖြတ်ခဲ့သည်။
အစောပိုင်းကတည်းက စွပ်စွဲချက်များကိုငြင်းဆိုခဲ့သော သမ်မာကဆက်က
သတင်းစာဆရာနှင့် တက်ကြွလှုပ်ရှားသူအယောက် ၂၀ ကိုလည်း တရားစွဲထားသည်။
အယူခံဝင်သွားမည်ဖြစ်ပြီး လက်ရှိတွင်တော့ အာမခံရထားသည်ဟု ဆူချာနီကပြောသည်။
Source-Reuters
ဥက္ကာ #MeKongNews
Photo- NBT News Youtube