
ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ရှင်ကော်ပိုရေးရှင်းရှယ်ယာများကို ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင်နာဝပ်ထရာမိသားစု ရောင်းဝယ်ရာတွင် အခွန်ထိုင်းဘတ် ၁၆ ဘီလီယံရှောင်ခဲ့ရာ၌ ပါဝင်ကူညီခဲ့သည်ဟုဆိုကာ ထိုင်းဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်းနှင့် အကောက်ခွန်ဌာနဒုတိယအကြီးအကဲ ဘန်ဂျာ လူးဝစ်ချာရွန်ကို ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ်ကျခံရန် အမိန့်ချခဲ့သည်။
အောက်ရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ထားသည်ကို တစ်နှစ်လျှော့ပေးလိုက်ခြင်းဖြစ်သည်။
အလားတူအမှုတွင်ပါဝင်ခဲ့သည်ဟု ဆိုသော ထိုင်းအကောက်ခွန်ဌာန အရာရှိများကိုလည်း ထောင်ဒဏ် ၃ နှစ်မှ တစ်နှစ်စီလျှော့ချပေးခဲ့သည်။
သက်ဆင်၏ရင်သွေး ၂ ဦးက ၂၀ဝ၆ ခုနှစ်တွင် ရှင်နာဝပ်ထရာမိသားစု ချုပ်ကိုင်ထားသောနိုင်ငံခြားကုမ္ပဏီ Ample Richထံမှ ရှင်ကော်ပိုရေးရှင်းရှယ်ယာဝယ်ယူခဲ့သည့် ဖြစ်ရပ်တွင် တရားပြိုင်များပါဝင်နေသည်ဟု တရားရုံးကဆုံးဖြတ်ခဲ့သည်။
အခွန်ရှောင်နိုင်အောင် ကူညီပေးခဲ့သည်ဟုဆိုကာ သက်ဆင် ရှင်နာဝပ်ထရာ၏ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ်ထရာဝန်ကြီးချုပ် ဖြစ်သည့်အချိန်တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သောဘန်ဂျာ၊ ဥပဒေရေးရာညွှန်ကြားရေးမှူးများဖြစ်သည့် ချမ်မရက် ယမ်ဆွိုင်သောင်နှင့် မိုရီရက် ဘွန်ယာဆီရီနှင့် နောက်ပိုင်းတွင် ဥပဒေရေးရာညွှန်ကြားရေးမှူးဖြစ်လာသည့် ကရစ် ဗီပူလာနူဆက်တို့ကို မလျော်သြဇာသုံးမှုဖြင့် ထိုင်းအမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားခဲ့သည်။
သက်ဆင်ဇနီးဟောင်း၏ အတွင်းရေးမှူးလည်း အားပေးကူညီမှုဖြင့် တရားစွဲဆိုခံရရာတွင် ပါဝင်သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်တွင် အောက်ရုံးက အရာရှိဟောင်း ၄ ယောက်ကို ထောင် ၃ နှစ်ချခဲ့ပြီး အတွင်းရေးမှူးကို ထောင် ၂ နှစ်ချခဲ့သည်။
သူတို့ ၅ ယောက်က အယူခံဝင်ခဲ့ပြီး အာမခံဖြင့်ပြန်လွှတ်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာတွင် အယူခံတရားရုံးက အောက်ရုံးဆုံးဖြတ်ချက်ကိုဆက်ထိန်းသိမ်းခဲ့ပြီး တရားပြိုင်များကလည်း အယူခံဝင်ခဲ့ပြီး တစ်ယောက်လျှင် ဘတ် ၅ သိန်းစီဖြင့်အာမခံရခဲ့သည်။
ကြာသပတေးနေ့တွင် ထိုင်းတရားရုံးချုပ်က ထောင်ဒဏ်တစ်နှစ်စီလျှော့ပေးခဲ့ပြီး ချက်ချင်းကျခံရတော့မည်ဖြစ်သည်။
Source-Bangkok Post
ဥက္ကာ #MekongNews
Photo- Pornprom Satrabhaya/ Bangkok Post