
တာချီလိတ်၊ ဒီဇင်ဘာ ၂၈
အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကျိုင်းတုံမြို့တွင်သာ ပြုလုပ်လေ့ရှိသော်လည်း တာချီလိတ်ရှိ အာခါတိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
(၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့နယ်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မယ်လိတ်ကျေးရွာတွင် ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
“ခါတိုင်းက ၄၄ကြိမ်မြောက်မှာ ကျိုင်းတုံမှာ ကျင်းပတဲ့အခါကျတော့ တာချီလိတ်အနေနဲ့ ကိုယ်စားလှယ်တွေလောက်သာ တက်ရောက်နိုင်တယ်။ ဒီနေ့မှာကျတော့ လူမြောက်များစွာနဲ့ လာပြီးတော့ ပါဝင်နိုင်တယ်” ဟု တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးယာကုပ်က ပြောသည်။
တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ အာခါတိုင်းရင်သားခေါင်းဆောင်များ စုံညီစွာ တက်ရောက်ကြောင်း ဦးယာကုပ်က ပြောသည်။
“လာမယ်နှစ်တွေမှာလည်း ကော်မတီသေသေချာချာဖွဲ့စည်းပြီးမှ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အားလုံးပါဝင်ကြဖို့ ပြောချင်ပါတယ်။ ဘာသာမခွဲခြားပဲ အားလုံးပါဝင်စေချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ပထမဆုံးအကြိမ် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲကို ၁၉၇၅ ခုနှစ်က ကျိုင်းတုံမြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက အာခါနှစ်သစ်ကူးပွဲကို ကျေးရွာများတွင်သာ သီးခြားစီကျင်းပလေ့ရှိကြောင်း သိရသည်။
MK – 001