
တာချီလိတ်၊ ဒီဇင်ဘာ ၂၉
ဆာလာအိတ် (၁၃)အိတ်ဖြင့် ထုတ်ပိုးထားသည့် စိတ်ကြွဆေးပြား (၁၃)သိန်းကို ‘ဝ’ အထူးဒေသ-၂ နယ်မြေဖြစ်သည့် မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၈ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၈ရက် နေ့လည် ၂နာရီခွဲအချိန်က မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အထူးဒေသ(၂)မှ တာဝန်ရှိသူတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များသည် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာရှိ ယောင်းခဈေးရှိ ဆိုင်ခန်းတစ်ခန်းကို ဝင်ရောက်ရှာဖွေရာ ဆိုင်ခန်းငှားရမ်းနေထိုင်သူ ကျော့ချိုင်းကို တွေ့ရှိရခြင်း မရှိဘဲ ဆာလာအိတ် (၁၃)အိတ်ဖြင့် ထုတ်ထားသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ကျွန်တော်တို့နယ်မြေထဲမှာ သတင်းရတယ်ဆိုရင် ပူးပေါင်း ဖမ်းဆီးဖို့ အဆင်သင့်ပါပဲ” ဟု ‘ဝ’ တောင်ပိုင်း ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ပိန်းက မဲခေါင်သတင်းဌာနကိုပြောသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်ကြောင်း ဦးဆမ်ပိန်းက ပြောသည်။
ဖမ်းဆီးရမိသည့် ဆာလာအိတ် (၁)အိတ်စီတွင် စိတ်ကြွဆေးပြား တစ်သိန်း ပါဝင်ပြီး စုစုပေါင်း စိတ်ကြွဆေးပြား (၁၃)သိန်း(ကာလပေါက်ဈေး ကျပ်သိန်း – ၁၃၀၀၀ခန့်)ကို သိမ်းဆည်းရမိပြီး တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။
MK-001