တာချီလိတ်ခရိုင်တွင် ဇန်နဝါရီ ၁ရက်မှ စတင်မည်ဖြစ်

တာချီလိတ်၊ ဒီဇင်ဘာ ၂၉
မှုခင်းများကို တရားစစ်ဆေးရာတွင် ပိုမိုထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို စတင်ကျင့်သုံးရန်အတွက် တာချီလိတ်ခရိုင် တရားရုံးအနေဖြင့် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း တာချီလိတ်ခရိုင်တရားသူကြီး ဦးအောင်မော်က ပြောသည်။
နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ် – National Case Management Program – NCMP နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တာချီလိတ်ခရိုင်တရားရုံးအနေဖြင့် နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ရက်မှ စတင်ကာ ကျင့်သုံးသွားမည် ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ကျင့်သုံးနိုင်ရန်အတွက် တရားရုံးဝန်ထမ်းများကို သင်တန်းပေးပြီးဖြစ်သလို လိုအပ်သည့် စက်ပစ္စည်းများလည်း အဆင်သင့်ရှိနေပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် တရားသူကြီး ဦီးအောင်မော်က ပြောသည်။
“လိုအပ်တဲ့သင်တန်းကို တောင်ကြီးမှ (၄)ရက်တာ ပေးခဲ့တယ်။ ကျွန်တော်တို့မှာ ကွန်ပြူတာတွေက ရှိပြီးသားတွေ။ နည်းစနစ်နဲ့ဖြည့်တင်းလိုက်ရင်တော့ အားလုံးပြည့်စုံပါတယ်” ဟု၎င်းကပြောသည်။
နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ် – National Case Management Program – NCMP အစီအစဉ်ကို ကျင့်သုံးခြင်းဖြင့် မှုခင်းတရားစီရင်မှုမှာ ပိုမိုပွင့်လင်းမြင်သာလာပြီး ပိုမိုထိရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။

“အမှုကို စစ်ဆေးတဲ့နေရာမှာ ပြည်သူဖြစ်တဲ့ အမှုသည်တွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့်ရမယ်။ ရုံးချိန်း ချိန်းမယ်ဆိုရင် တရားသူကြီးက ဒီနေ့ချိန်းလို့ ဒီနေ့မဟုတ်ဘူး။ သူ့(လာရောက်ရင်ဆိုင်မည့်သူ)တွေမှာ ဘယ်လိုအခက်အခဲတွေရှိနေသလဲ။ လူမှုရေးအခက်အခဲတွေ၊ မိသားစုအခက်အခဲတွေ ရှိနေသလား။ ရှိနေရင် သူ့အနေနဲ့ အဲဒီရက်ကို ရှောင်ဖို့ တင်ပြခွင့်တွေ ရှိလာမယ်။ အမှုစစ်ဆေးမယ့် လုပ်ငန်းစဉ်တွေ အားလုံးကို အမှုသည်တွေက ကြိုတင်သိရှိခွင့်ရမယ်” ဟု ဦးဝင်းအောင်က ရှင်းပြသည်။
နိုင်ငံတစ်ဝှမ်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ် – National Case Management Program – NCMP အစီအစဉ်ကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ကျင့်သုံးလာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ခရိုင်တရားရုံး(၁၂)ရုံး၊ မြို့နယ်တရားရုံး (၁၄)ရုံး၊ ၂၀၁၉ ခုနှစ်တွင် ခရိုင်တရားရုံး(၅)ရုံး၊ မြို့နယ်တရားရုံး (၄၃)ရုံးတို့တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် တာချီလိတ်ခရိုင် တရားရုံးအပါအဝင် ခရိုင်တရားရုံး (၂၅)ရုံးနှင့် မြို့နယ်တရားရုံး (၁၀၉) တို့တွင် စတင်ကျင့်သုံး မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တရားရုံးတွင်လည်း အဆိုပါ အစီအစဉ်ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၁ရက်မှ စတင်ကာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
MK – 001