Photo- Nujaree Raekrun/Bangkok Post

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလရုံးပိတ်ရက် ၂ ရက်အတွင်း လမ်းပေါ်မတော်တဆမှု ၉၇၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၉ ယောက်၊ ဒဏ်ရာရသူ ၉၉၃ ယောက်ရှိခဲ့သည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်ကထက် မတော်တဆဖြစ်ပွားမှု ၁.၄ ရာခိုင်နှုန်း၊ သေဆုံးသူ ၃.၅ ရာခိုင်နှုန်းနှင့် ဒဏ်ရာရသူ ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ စနေနေ့တစ်နေ့တည်းတွင် ယာဉ်မတော်တဆမှု ၅၁၀ မှုဖြစ်ခဲ့ပြီး လူ ၆၆ ယောက်သေဆုံး၊ ၅၂၇ ယောက်ဒဏ်ရာရခဲ့သည်ဟု ထိုင်းပို့ဆောင်ရေးဌာနဒုတိယအမြဲတန်းအတွင်းဝန် အနွန် လျန်ဘိုရီဘွန်က တနင်္ဂနွေနေ့တွင်ပြောသည်။

အရက်သောက်ပြီးကားမောင်းမှုကြောင့် အများဆုံးဖြစ်ပြီး မတော်တဆမှုအားလုံး၏ ၃၅.၅ ရာခိုင်နှုန်းဖြစ်ခဲ့တာပါ။ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမှုကြောင့် မတော်တဆမှု ၃၀ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။ မတော်တဆမှု ၆၄.၆ ရာခိုင်နှုန်းတွင် ဆိုင်ကယ်များပါဝင်နေသည်။

ထိုင်းမြောက်ပိုင်းရှိလမ်ပန်ခရိုင်တွင် မတော်တဆမှုအများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၁၂၁ မှုရှိခဲ့သည်။ သေဆုံးမှုအများဆုံးပြည်နယ်မှာ ဘန်ကောက်မှထိုင်းမြောက်ပိုင်းသို့သွားရာတွင်ရှိသည့် နခွန်ဆာဝမ်ဖြစ်ပြီး ၅ ယောက်သေဆုံးခဲ့သည်။

ဒဏ်ရာအများဆုံးရသည့်ပြည်နယ်မှာလည်း လမ်ပန်ဖြစ်ပြီး ၂၆ ယောက်ရှိခဲ့သည်။ နှစ်သစ်ကူးရုံးပိတ်ရက်ခရီးထွက်သည့်ပထမနှစ်ရက်ဖြစ်သည့်သောကြာနှင့်စနေနေ့တို့တွင် ထိုင်းတောင်ပိုင်းဆူရတ်သာနီခရိုင်တွင် မတော်တဆမှုအများဆုံးဖြစ်ခဲ့ပြီး ၃၃ မှုရှိခဲ့သည်။

လူအများဆုံးသေခဲ့သည့်ခရိုင်များမှာ မြောက်ပိုင်းရှိချင်းရိုင်နှင့် အလယ်ပိုင်းရှိနခွန်ဆာဝမ်ဖြစ်သည်။ ဒဏ်ရာရသူအများဆုံးမှာလည်း ဆူရတ်သာနီဖြစ်ပြီး ၃၇ ယောက်ရှိခဲ့သည်။

မူးပြီးမောင်းသဖြင့်ယာဉ်တိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ဒုတိယမှာ သတ်မှတ်မိုင်နှုန်းထက်ပိုခြင်းကြောင့်ဟုလည်း အနွန်ကပြောသည်။ ၇၇ ခရိုင်မှ ခရိုင် ၂၈ ခရိုင်တွင် ယာဉ်မတော်တဆမှုကြောင့် အထိအခိုက်အသေဆုံးမရှိခဲ့ဟုလည်းသိရသည်။

Source-Bangkok Post

ဥက္ကာ #MekongNews

Photo- Nujaree Raekrun/Bangkok Post

Leave a comment

Design a site like this with WordPress.com
Get started