
ဘန်ကောက်၊ ဒီဇင်ဘာ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ဂျင်းဟောင်ရေအားလျှပ်စစ်စက်ရုံမှစမ်းသပ်မှုများကြောင့် ရေစီးဆင်းမှုလျော့ကျလာနိုင်သည်ဟု ခန့်မှန်းထားချိန်တွင် ဇန်နဝါရီ ၁ ရက်နှင့် ၄ ရက်ကြားတွင် ရေကျသွားနိုင်ကြောင်း မဲခေါင်မြစ်ကမ်းတွင်ရှိသည့် ထိုင်းခရိုင် ၈ ခရိုင်ကို သတိပေးထားသည်။
ဂျင်းဟောင်ဆည်တွင် စမ်းသပ်မှုစတင်ချိန်တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ ချင်းရိုင်၊ လွိုင်အီ၊ နခွန်ဖန်နွန်၊ နောင်ခိုင်၊ မုဒဟန်၊ ဘောင်ကန်၊ အမ်နက် ချာရွန်နှင့် အူဘွန် ရတ်ချသာနီတို့တွင် ရေကျသွားနိုင်သည်ဟု ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံးက အသိပေးသည်။
တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အတွင်း ဆည်မှ တစ်စက္ကန့်လျှင်ရေထုတ်လွှတ်မှု အများဆုံး ၁၄၀ဝ ကုဗမီတာမှ အများဆုံး ၁၀ဝ၀ ကုဗမီတာ လျှော့ချစမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။
မူလအနေအထားပြန်မရောက်ခင် ဇန်နဝါရီ ၄ ရက်တွင်လည်း ရေထုတ်လွှတ်မှုအများဆုံး ၈၀ဝ ကုဗမီတာအထိလျှော့ချဦးမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
စမ်းသပ်မှုအစောပိုင်းတွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရေ ၄၀ မှ ၆၀ စင်တီမီတာအထိလျော့ကျမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်တွင် နောက်ထပ် ၃၀ မှ ၅၀ စင်တီမီတာထပ်မံလျော့ကျမည်ဟု ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံးအထွေထွေအတွင်းရေးမှူးဆွမ်ကီယက် ပရာဂျမ်ဝေါင်ကပြောသည်။
ကြိုတင်ပြင်ဆင်မှုများလုပ်နိုင်ရန် စမ်းသပ်မှုဒဏ်ခံရမည့်ခရိုင်များမှ စိုက်ပျိုးရေးဝန်ကြီးဌာန အပါအဝင်အာဏာပိုင်များကို အသိပေးထားသည်ဟုလည် ဆွမ်ကီယက်ကပြောသည်။
ချင်းရိုင်တွင် ဇန်နဝါရီ ၂ ရက်နှင့် ၅ ရက်ကြားတွင် ရေမျက်နှာပြင်နိမ့်ကျမည်ဖြစ်ပြီး အူဘွန် ရတ်ချာသာနီတွင်တော့ ဇန်နဝါရီ ၁၆ ရက်နှင့် ၁၉ ရက်ကြား ဆိုးကျိုးခံစားရမည်ဟုလည်းသိရသည်။
ထိုင်းနိုင်ငံတဝန်း ဆိုးဆိုးရွားရွားမိုးခေါင်နေချိန်တွင် အဆိုပါစမ်းသပ်မှုဖြစ်လာခြင်းဖြစ်သည်။
Source-Bangkok Post
ဥက္ကာ #MekongNews
Photo- Bangkok Post