ဘန်ကောက်၊ ဒီဇင်ဘာ ၃၀

၂၀၁၄ ခုနှစ်၊ ခိုတောင်(လိပ်)ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့၏ရင်ခွဲစစ်ဆေးခြင်းကို နိုင်ငံတကာမီဒီယာများဝေဖန်နေခြင်းအပေါ် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။

ထိုင်းရဲရင်ခွဲစစ်ဆေးမှု နိုင်ငံတကာစံနှုန်းနှင့်မကိုက်ညီဟု နိုင်ငံတကာမီဒီယာများတွင် ဝေဖန်နေကြခြင်းဖြစ်သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ပီယာ အူသာယိုက Fairfax သတင်းဌာနက အွန်လိုင်းတွင်တင်ခဲ့သော သတင်းဆောင်းပါးတစ်ခုကိုကိုးကားပြောသည်။

၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံသို့ နိုင်ငံခြား ရင်ခွဲစစ်ဆေးမှု သက်သေခံအဖြစ်လာရောက်ခဲ့သည့် သြစတြေးလျနိုင်ငံသူ ရင်ခွဲစစ်ဆေးမှုကျွမ်းကျင်သူ ဂျိန်း တော်ပင်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၏ မှုခင်းရင်ခွဲစစ်ဆေးသည့်ဓာတ်ခွဲခန်းသည် မယုံကြည်ထိုက်ကြောင်း တော်ပင်က စွပ်စွဲခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့သည် တရားပြိုင်နှစ်ဦးစလုံး၏ DNAကို တရားရုံးတွင်ထုတ်ယူခဲ့ကြောင်း ပီယာက အတည်ပြုသည်။

မှုခင်းဖြစ်သည့်နေရာတွင် တွေ့ရပြီး မြန်မာရွှေ့ပြောင်းလုပ်သားဇော်ဝင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ်ပေးခဲ့သည့် DNAနှင့် ထပ်တူညီကြောင်းလည်းပြောသည်။

ဇော်ဝင်းနှင့်ဝင်းဇော်ထွန်းတို့ကို လက်ရှိတွင် ထိုင်းထောင်တွင်ထိန်းသိမ်းထားပြီး ထိုင်းဘုရင်ထံ အသနားခံစာတင်ထားသည်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ရင်ခွဲစစ်ဆေးမှုက FBIလိုက်နာသည့်စံနှုန်းအတိုင်းလိုက်နာနေသည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူကပြောသည်။

ရင်ခွဲစစ်ဆေးမှုများကို သေသေချာချာလုပ်ဆောင်ခဲ့သည်ဟုလည်းပြောသည်။

နိုင်ငံတကာစံနှုန်းများအတိုင်း ထိုင်းရဲဆေးရုံ၊ ရင်ခွဲစစ်ဆေးမှုအင်စတီကျူ့နှင့် ထိုင်းရဲရင်ခွဲစစ်ဆေးမှုသိပ္ပံရုံးတို့တွင် DNAစစ်ဆေးခဲ့သည်။

စစ်ဆေးခဲ့သည့်ရဲအရာရှိနှစ်ယောက်က တရားခွင်တွင် သက်သေများအဖြစ်လည်း ထွက်ဆိုခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဆူရတ်သာနီခရိုင်ရှိ ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်ခရီးသည်ဒေးဗစ် မိုင်လာနှင့် ဟန်နာ ဝစ်သာရစ်ဂျ်တို့ ရက်ရက်စက်စက်သတ်ခံခဲ့ရပြီး မြန်မာနိုင်ငံသားဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ဖမ်းခံခဲ့ရသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်တွင် ထိုင်းတရားရုံးချုပ်က အောက်ရုံးနှင့်အယူခံတရားရုံးတို့ကဆုံးဖြတ်ခဲ့သည့် သေဒဏ်စီရင်ချက်ကို ဆက်လက်ကိုင်ဆွဲခဲ့သည်။

မြန်မာနိုင်ငံသားနှစ်ဦးက အစပိုင်းတွင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ငြင်းဆိုခဲ့ပြီး နှိပ်စက်ထွက်ဆိုခိုင်းသောကြောင့် ထွက်ဆိုခဲ့ခြင်းဟုပြောသည်။

Source-Chiang Rai Times

ဥက္ကာ #MekongNews

Photo- Chiang Rai Times

Leave a comment

Design a site like this with WordPress.com
Get started