
တာချီလိတ်၊ ဇန်နဝါရီ ၆
NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အငြင်းပွားနေသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ရ’ ဆိုသည့် စကားလုံးများကို ရှောင်ရှားပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရလဒ်ကောင်းလာမည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူကြီး စိုင်းမိဏ်း ဇန်နဝါရီလ ၆ရက်က တာချီလိတ်ကိုရောက်ရှိစဉ် ပြောဆိုသည်။
တပ်မတော်ဘက်မှ ပြောဆိုလာသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ရ’ စကားလုံးများအပေါ် အငြင်းပွားပြီး ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်ကာ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး အဆိုပါ စကားရပ်များကို မသုံးစွဲပါက ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

“(စကားလုံးတွေ သုံးစွဲမှုအပေါ်) ပြေလည်တယ်ဆိုတာတော့ မရှိသေးဘူးပေါ့နော်။ ကျွန်တော်တို့ PPST အဖွဲ့အနေနဲ့ ထပ်မံဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးတွေကို မသုံးစွဲဘူးဆိုရင်တော့ ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုတည်းသောတပ်မတော်တို့၊ ခွဲမထွက်ရတို့ဆိုတာက NCA ထဲမှာလည်း လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး” ဟု၎င်းက ပြောသည်။
၂၀၁၈ ခုနှစ် နောက်ဆုံး လေးလပတ်အတွင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ရ’ ဆိုသည့် စကားရပ်များအပေါ် အငြင်းပွားမှုဖြစ်ပြီး တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမှ ကရင်အမျိုးသားအစည်းအရုံး – KNU နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS တို့ ရပ်ဆိုင်းခဲ့ပြီးနောက် JICM အစည်းအဝေးများကို ကျင်းပနိုင်ခြင်း မရှိတော့ပေ။
JICM အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျင်းပသည့် ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် JICMအစည်းအဝေး ပြန်လည်ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
MK – 001