
ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၇
ကမ္ဘာ့လူမှုကွန်ရက်ပလက်ဖောင်းတွင် နံပါတ် ၁ ဖြစ်နေကြောင်း သူ့ကို Facebook ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့က် ဇက်ကာဘာ့ဂျ်က ညစာစားပွဲတစ်ခုတွင်ပြောခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တနင်္လာနေ့တွင် ကြွားဝါပြောဆိုခဲ့သည်။
“ကျွန်တော်ဇက်ကာဘာ့ဂျ်နဲ့ နောက်တစ်ညမှာ ညစာစားတယ်။ သူကပြောတယ်။ ဂုဏ်ပြုချင်ပါတယ်သမ္မတကြီး။ Facebookမှာတော့ သမ္မတကြီးက နံပါတ် ၁ ဖြစ်နေတယ်ဆိုပြီးတော့”ဟု ထရမ့်ကပြောသည်။
လက်ယာယိမ်း ရေဒီယိုအစီအစဉ်တာဝန်ခံ ရက်ရှ်လင်ဘော့နှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်က ညစာစားပွဲတွင်ပြောခဲ့ကြောင်းတော့ ထရမ့်ကအတိအကျမပြောခဲ့ပေ။
ပြီးခဲ့သည့်အောက်တိုဘာတွင် အဆိုပါနောက်ဆုံးညစာစားပွဲရှိခဲ့ကြောင်း Facebookပြောခွင့်ရသူတစ်ယောက်က ပြောသည်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် သတင်းအချက်အလက်အမှားများနှင့် သတင်းတုများနေရာရနေခြင်းအတွက် အမေရိကန်လူမှုကွန်ရက်ပလက်ဖောင်းများတွင် ဝေဖန်ခံနေရသည်။
ထရမ့်ကိုယ်တိုင်လည်း Facebookနှင့် Twitterတို့သုံးပြီး မမှန်ကန်သည့်ထုတ်ပြန်ချက်များနှင့် ကိုယ်ပိုင်အယူအဆများကို ထပ်ကာထပ်ကာဖြန့်ချိခဲ့သည်။
နိုင်ငံရေးကြော်ငြာအတွက် ငွေအသုံးပြုမှုတွင် ထရမ့်က အဆင့် ၁ တွင်ရှိနေပြီး Facebookကုမ္ပဏီကို ရီပတ်ဘလစ်ကန်များလွန်လွန်ကဲကဲလွှမ်းမိုးခံထားရသည်ဟု စွပ်စွဲချက်များရှိနေသည်။
အိမ်ဖြူတော်မှပြီးခဲ့သည့် အောက်တိုဘာညစာစားပွဲတွင် ထရမ့်နှင့်ဇက်ကာဘာ့ဂျ်တို့အပြင် Facebookဘုတ်အဖွဲ့ဝင်ပီတာ သီရယ်လည်းပါဝင်ခဲ့ပြီးနောက် ဒီမိုကရက်သမ္မတလောင်း ဆီးနိတ်လွှတ်တော်အမတ်အယ်လိဇဘတ် ဝါရန်က ထရမ့်နှင့် Facebookတို့ကြားဆက်စပ်မှုကို ပွင့်လင်းမြင်သာမှုရှိရန်တောင်းဆိုခဲ့သည်။
Source- AFP
ဥက္ကာ #MeKongNews
Photo- Donald J. Trump