
တာချီလိတ်၊ ဇန်နဝါရီ ၇
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အားလုံးပါဝင်ရေးအတွက် အစိုးရနှင့်ညှိနှိုင်းပြီး နည်းလမ်းမျိုးစုံ ရှာဖွေဖော်ထုတ်ရန် လိုအပ်ပြီး လက်ရှိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် (၁၀)ဖွဲ့နှင့်တင် ပြီးပြည့်စုံမည် မဟုတ်ကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေး ပြောဆိုလိုက်သည်။
ဇန်နဝါရီလ (၈)ရက်တွင် ကျင်းပမည့် JICM အစည်းအဝေးတက်ရောက်ရန် ညှိနှိုင်းတိုင်ပင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ – PPST အစည်းအဝေး အပိတ်နိဂုံးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO (NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) (၁၀) ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သတိချပ်ဖို့လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန်အတွက် ထိုက်သင့်သည့် အချိန်ပေးရန် လိုအပ်ပြီး ထိုသို့ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲများ မလွဲမသွေကြုံတွေ့ရမည် ဖြစ်ပြီး အဆိုပါအခက်အခဲ များကို တည်တည်ငြိမ်ငြိမ်ဖြင့် ကျော်လွှာရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်မှ စတင်ကာ ကျင်းပနိုင်ခြင်းမရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး – JICM ကို ဇန်နဝါရီလ (၈)ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
MK – 001