
ထရန်၊ ဇန်နဝါရီ ၇
အိမ်အရောက်ပို့အွန်လိုင်းမှာယူမှုဖြင့် သူ၏ကျောင်းတွင် အလှူလုပ်နိုင်ကြောင်း ကြေညာခဲ့သည့် ထိုင်းတောင်ပိုင်းရှိဘုန်းတော်ကြီးတစ်ပါးမှာ အွန်လိုင်းတွင် အင်္ဂါနေ့ကလူသိများနေကြသည်။
ခေတ်မီနေထိုင်မှုအရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်ကိုသိရှိကြောင်း ထရန်ခရိုင်ရှိ နိခွန်ပရာတိကျောင်းတိုက်မှ ဆရာတော်ဖရာ အိတ်သိယဝဿယကမိန့်သည်။
ယခုကြေညာလိုက်သည့်အလေ့အထကို ဘုန်းတော်ကြီးကျောင်းများတွင်လည်း လူသိများနေကြောင်း အဆိုပါဘုန်းတော်ကြီးက မိန့်သည်။
“မြို့ကျောင်းတွေကဆရာတော်တွေလည်း ဒီနည်းနဲ့ပဲ အလှူခံရနေတယ်လို့ ဆရာတော့်ကိုမိန့်ကြတယ်။ ဆရာတော့်အမြင်ပြောရရင်တော့ ဒါခေတ်ရေစီးကြောင်းပါပဲ” ဟုဆရာတော်ကမိန့်သည်။
လူသိများနေသည့် FoodPanda အက်ပလီကေးရှင်းမှတစ်ဆင့် သူ့ကျောင်းသို့ ဆွမ်းလှူခဲ့သည်ကို ဘုန်းတော်ကြီးက Facebookတွင်တင်ခဲ့ပြီးနောက် လူသိများလာခြင်းဖြစ်သည်။

အလှူခံရပြီးနောက် လှူဒါန်းခဲ့သည့် လှူဖွယ်ပစ္စည်းအတွက် ဆပ်ကပ်ခြင်းနှင့် ဆုတောင်းမေတ္တာပေးခြင်းကို ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် လုပ်ဆောင်ခဲ့သည်။
ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သံဃာတော်များအနေဖြင့် လှူဖွယ်ပစ္စည်းကို အလှူ့ဒကာက လက်ရောက်ဆပ်ကပ်မှသာ လက်ခံခွင့်ရှိနေခြင်းကြောင့် အငြင်းပွားဖွယ် ဖြစ်နေသည်။
အွန်လိုင်းမှလှူသည့် အလေ့အထက ကုသိုလ်ဖြစ်မဖြစ် ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူများဆွေးနွေးငြင်းခုံနေကြပြီး နည်းလမ်းပြောင်းသွားသော်လည်း ရည်ရွယ်ချက်တူသဖြင့် ကုသိုလ်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အွန်လိုင်းမှလှူသည့်အလေ့အထကြောင့် ကျောင်းတိုက်များသို့ အသွားနည်းပြီး ဘာသာရေးအခမ်းအနားများအတွက် အွန်လိုင်းအိမ်အရောက်ပို့ဝန်ဆောင်မှုများအပေါ် အားကိုးလာမည်ကိုလည်း ထိုင်းနိုင်ငံသားအင်တာနက်အသုံးပြုသူတချို့က စိုးရိမ်နေကြသည်။
“အချိန်ရရင်တော့ လှူတဲ့လူတွေက ဘုန်းကြီးကျောင်းလာပြီး ကိုယ်တိုင်လှူကြတာပဲလေ။ ဒါပေမဲ့ သိပ်မလာဘဲလည် းမနေကြပါဘူး။ ပိုလည်းလာလှူကြနိုင်တယ်။ သံဃာတွေနဲ့ပိုရင်းလာတာကိုး။ သူတို့လှူရင် စိတ်နှလုံးအေးချမ်းတယ်လို့ ခံစားရကြတယ်လေ။ ဒီလိုဆိုပိုပြီး ဘာသာတရားအပေါ်ယုံကြည်လာကြတာပေါ့” ဟု ဘုန်းတော်ကြီးက မိန့်သည်။
ထိုင်းတွင် အွန်လိုင်းနှင့်ဖုန်းအခြေခံပြု အိမ်အရောက်ပို့ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတိုးတက်နေပြီး ၂၀၁၉ နှစ်လယ်တွင် ဘတ်သန်း ၃၅၀ဝ၀ ခန့် ဈေးကွက် တန်ကြေးရှိသည်ဟု ခန့်မှန်းထားကြသည်။
Source- Khaosod
ဥက္ကာ #MeKongNews
Photo- Khaosod