ပျောက်ဆုံးသွားသည့်ကလေးငယ် အိပ်နေခဲ့သည့် အိပ်ရာ/ Photo by MeKong News

တာချီလိတ်၊ ဇန်နဝါရီ ၈

ဖခင်ဖြစ်သူနှင့်အတူ အိမ်ပေါ်တွင် အိပ်နေသည့် (၅)လသားအရွယ် ကလေးငယ်တစ်ဦး ဇန်နဝါရီလ ၆ရက် ညပိုင်းက တာလေမြို့တွင် ပျောက်ဆုံးသွားကြောင်း မိသားစုထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးအောက်ကျေးရွာတွင် ဇန်နဝါရီလ ၆ရက် ည ၈နာရီခန့်က ဒေါ်ဘူးကြားဆိုသူမှာ ဘုရားဝတ်ပြုဆုတောင်းပွဲ ရှိသည့်အတွက် သွားရောက်စဉ် အိမ်တွင် ၎င်း၏ သားဖြစ်သူ (၅)လသားအရွယ် ကလေးတစ်ဦး၊ (၅)နှစ်သားအရွယ် ကလေးတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ ကျန်ခဲ့ကြောင်း ဒေါ်ဘူးကြားက မဲခေါင်သတင်းဌာနသို့ ပြောသည်။

ဝတ်ပြုဆုတောင်းပြီးနောက် ၎င်းနေအိမ်သို့ ပြန်ရောက်လာသည့်အခါ ဖခင်ဖြစ်သူနှင့် (၅)နှစ်သားအရွယ် ကလေးငယ်မှာ အိပ်လျှက်ရှိနေပြီး (၅)လသားအရွယ်ကလေးငယ်မှာ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပျောက်ဆုံးသွားသည့် ကလေးအိမ်အနီးတွင် နေထိုင်သူတစ်ဦးကမူ “ကျွန်မတို့က ပုံမှန်ဆို ည၈နာရီ၊ ၉နာရီ အိပ်လေ့ မရှိဘူး။ အဲဒီနေ့ကျမှ အိပ်ပျော်သွားတာ။ သူ(ဒေါ်ဘူးကြား) ကလေးပျောက်လို့ ငိုသံကြားမှ လန့်နိုးလာတာ”ဟု မဲခေါင်သတင်းဌာနသို့ ပြောသည်။

အဆိုပါကလေးငယ် ပျောက်ဆုံးမှုအတွက် တာလေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started