အာဆတ်အခြေစိုက် အမေရိကန် စစ်စခန်း/Photo – NYTimes

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈

အီရတ်နိုင်ငံတွင် အခြေစိုက်ထားသည့် အမေရိကန်စစ်စခန်း (၂)ခုကို အီရန်ဘက်က ဒုံးကျည် တစ်ဒါဇင်ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်၊ ပင်တဂွန်က ဇန်နဝါရီ ၈ရက် နံနက်ပိုင်းက အတည်ပြုပြောဆိုသည်။

အီရန်တပ်မှူး ဆူလေမန်နီ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် လက်တုံပြန်သည့် အနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အာဆတ်နှင့် အာဘီရယ် အခြေစိုက် အမေရိကန်စစ်စခန်း (၂)ခုကို ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

အီရန်နိုင်ငံတယ်လီဗေးရှင်း၏ ထုတ်လွှင့်မှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်က အာဆတ်အခြေစိုက် အမေရိကန် လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဘက်က တုံ့ပြန်ပါက ပိုမိုဆိုးရွားသည့် တိုက်ခိုက်မှုများ လာလိမ့်မည်ဟု ကြေညာခဲ့သည်။

Photo – Aljazeera

အီရန်ဘက်က ထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်၏မဟာမိတ်များအနေဖြင့် ၎င်းတို့နိုင်ငံကို အခြေစိုက်ပြီး အီရန်ကိုတိုက်ခိုက်ရန်အမေရိကန်၏ ပြင်ဆင်မှုကို လက်ခံပါက ၎င်းတို့ကိုပါ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ဟော့ဖ်မန်းက “ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ကနဦးတွက်ချက်မှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေ၊ မဟာမိတ်တွေနဲ့ တွဲဖက်တွေ အားလုံးကို ကာကွယ်ခုခံပေးဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေအားလုံးကို လုပ်ဆောင်သွားပါမယ်” ဟု ပြောဆိုသည်။

အမေရိကန်နိုင်ငံ့အကြံပေး မိုက်ပွန်ပီယွန်နှင့် ကာကွယ်ရေးအကြံပေး မာ့ခ်အက်စပါတို့ အင်္ဂါနေ့နှောင်းပိုင်းက အိမ်ဖြူတော်ကို ရောက်ရှိလာပြီး သမ္မတထရမ့်နှင့်တွေ့ဆုံကာ တိုက်ခိုက်ခံရမှုကို သေသေချာချာသုံးသပ် နေကြကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။

Ref: NYTimes, Aljazeera

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started