(၈)ကြိမ်မြောက် JICM အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပစဉ်/ Photo by NRPC

တာချီလိတ်၊ ဇန်နဝါရီ ၁၂

လက်ရှိအစိုးရလက်ထက် (၄)နှစ်တာ ကာလအတွင်း တစ်ဆို့မှုတွေရှိခဲ့သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တော်တော်လေး နှောင့်နှေးခဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးစိုင်းမိဏ်းက ပြောသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးသို့ တက်ရောက်ပြီး အပြန် တာချီလိတ်လေဆိပ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်တွင် ရှေ့ပိုမိုရောက်ရှိသလဲဆိုသည့် မဲခေါင်သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် “ဘယ်အစိုးရလက်ထက်မှာရယ်လိုတော့ မပြောလိုဘူးပေါ့လေ။ ဒီ (၄)နှစ်တာကာလအတော်တွင်းမှာတော့ တော်တော်လေးကို နှောင့်နှေးသွားပါတယ်။ တစ်ဆို့မှုတွေ ရှိခဲ့လို့ပေါ့နော်”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမရှိသည့် ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ခွင့်’ ဆိုသည့် စကားလုံးများကို ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တပ်မတော်ဘက်မှ တင်သွင်းပြောဆိုလာသည့်အတွက် ဖြစ်ကြောင်း ငြိမ်းချမ်းရေးသုံးသပ်သူများက ပြောသည်။

အဆိုပါ‘တစ်ခုတည်းသောတပ်မတော်’ နှင့် ‘ခွဲမထွက်ခွင့်’ ဆိုသည့် စကားလုံးများ ပြောဆိုလာသည့်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များတွင် အင်အားကြီး အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် KNU နှင့် RCSS တို့က ၂၀၁၈ ခုနှစ်နှောင်းပိုင်း၌ ရှေ့ဆင့်နောက်ဆင့်ဆိုသလို တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမှ ရပ်ဆိုင်းခဲ့သည်။

ထို့သို့ ရပ်ဆိုင်းပြီးနောက် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းသွားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှသာ JICM အစည်းအဝေးကို နေပြည်တော်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started