တာချီလိတ်၊ ဇန်နဝါရီ ၁၃

သတင်းမီဒီယာသမားများ အနေဖြင့် သတင်းကိစ္စနှင့် ပတ်သက်ပြီး ငွေကြေးရယူမှုများအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတိပေးချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ ၁။ သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများတွင် လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း၊ သတင်းရယူ ဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း သိရှိရပါသည်။
.
၂။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၃ (ခ) အရ ‘သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည် နိုင်စေရန်’ ဟု ဖော်ပြထားပါသည်။ ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အများပြည်သူများ ယုံကြည်မှုရှိစေရန်အတွက် သတင်းမီဒီယာသမားများသည် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကိုတိကျစွာ လိုက်နာရန် တာဝန်ရှိပါသည်။
.
၃။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၂) အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။
.
၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကို စောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များ က သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ရန် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ အရ အခွင့်အာဏာရှိပါသည်။ သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
.
၅။ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင်မှုများ တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အီးမေးလ် mmpresscouncil@gmail.com ၊ ဖုန်း- 09448026326) သို့ တိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူ၏ အမည်ကိုလည်း လျှို့ဝှက် ထားပေးမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာသမား ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် ပြင်ဆင်နေပြီး ပြည်သူများအနေဖြင့်လည်း သတင်းမီဒီယာသမား အမည်ခံကာ ခြိမ်းခြောက်မှုများ၊ ငွေကြေးတောင်းခံမှုများ ရှိပါက ဖော်ပြပါ လိပ်စာများကို ကူညီတိုင်ကြားရန် မဲခေါင်သတင်းဌာနမှ တဆင့်ပြောဆိုလိုက်သည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started