
ဘန်ကောက်၊ ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှပြန်လာသော အသက် ၆၁ နှစ်အရွယ်တရုတ်အမျိုးသမီးတစ်ဦးထံတွင် ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ပထမဆုံးတွေ့ရှိခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုအမျိုးသမီးအခြေအနေ မစိုးရိမ်ရကြောင်းနှင့် လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇန်နဝါရီ ၃ ရက်မှစ၍ ဝူဟန်မြို့မှ လာသောခရီးသည်များကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးကတ်နှင့်ချင်းမိုင်လေဆိပ်များတွင် စောင့်ကြည့်နေကြပြီး အများပိုင်နှင့် ပုဂ္ဂလိကပိုင်ဆေးရုံများတွင်လည်း စောင့်ကြည့်မှုမြှင့်တင်ခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချာဗီရာကူးက တနင်္လာနေ့တွင်ပြောသည်။
ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာပြသူ ၁၂ ဆယာက်ရှိနေသော်လည်း အများစုမှာရာသီတုပ်ကွေးသာဖြစ်ပြီး တနင်္ဂနွေနေ့ကစမ်းသပ်ရာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ကုသမှုပေးပြီး တရုတ်နိုင်ငံပြန်ရန် အဆင်သင့်ရှိနေကြောင်း အနုတင်က အသိပေးသည်။
ဝန်ကြီးဌာနတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေစစ်ဆေးမှုလုပ်နိုင်စွမ်းရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လေဆိပ်များရှိဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံသားများနှင့် ကမ္ဘာ့လှည့်ခရီးသည်များကြား ယုံကြည်မှုရရန်ဆောင်ရွက်နေကြောင်းလည်း အနုတင်ကအသိပေးသည်။
ဝူဟန်မြို့မှပြန်လာပြီး ၁၄ ရက်အတွင်း ဖျားနာ၊ လည်ချောင်းနာ၊ နှာရည်ယို၊ အသက်ရှူကြပ်မှုများခံစားနေရပါက နီးစပ်ရာဆရာဝန်ထံဖြစ်စေ၊ ရောဂါကူးစက်မှု ထိန်းချုပ်ရေးဌာနထံဖြစ်စေ ဆက်သွယ်အသိပေးနိုင်သည်ဟုလည်း ထုတ်ပြန်သည်။
Source- The Nation
ဥက္ကာ #MeKongNews
Photo- Healthy Living Environment Program