
တာချီလိတ်၊ ဇန်နဝါရီ ၁၆
လွန်ခဲ့သည့် (၁၀)ရက်ခန့်က တာလေမြို့ရှိ နေအိမ်တွင် အိမ်နေရင်း ပျောက်ဆုံးသွားသည့် ကလေးငယ်၏ အလောင်းကို ဇန်နဝါရီလ ၁၅ရက် ညပိုင်းက အခင်းဖြစ်ရာ ကျေးရွာအနီးရှိ ခြုံပုတ်အတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း တာလေမြို့အခြေစိုက် လောကပါလ ပရဟိတအသင်းမှ သိရသည်။
အဆိုပါ (၅)လသားအရွယ် ကလေးငယ်မှာ ဇန်နဝါရီလ ၆ရက် ည ၈နာရီခန့်က တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးအောက်ကျေးရွာရှိ နေအိမ်တွင် သိပ်ထားစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၅ရက်က ညပိုင်းက ကလေးငယ်၏ အလောင်းကို ယင်းကျေးရွာအနီးရှိ ကိုင်းတောထဲတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း လောကပါလ ပရဟိတအသင်း ဥက္ကဌ ဦညိမ်းက ပြောသည်။
“ည ၉နာရီခွဲလောက်မှာ ပြန်တွေ့တာပေါ့။ အများကတော့ ကလေးကို ရောင်းစားဖို့ ခိုးသွားပြီးမှ အဆင်မပြေတော့ ပြန်လာထားတဲ့ပုံစံမျိုး သုံးသပ်ပြောဆိုကြတယ်”ဟု ၎င်းက ပြောသည်။
ကလေးငယ်အလောင်းကို ပြန်တွေ့သည့် နေရာမှာ စတင်ပျောက်ဆုံးစဉ်ကတည်းက အကြိမ်ကြိမ်ရှာဖွေပြီး ဖြစ်ကာ စတင်ရှာဖွေစဉ်က တွေ့ရှိခြင်းမရှိကြောင်း နားယောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က ပြောသည်။
“စပြီးပျောက်သွားကတည်းက အခုတွေ့တဲ့နေရာကို အကြိမ်ကြိမ် ကျွန်တော်ကိုယ်တိုင် ဦးစီးပြီး ရှာခဲ့ပါတယ်။ မတွေ့ပါဘူး။ ပတ်ဝန်းကျင်မှာတော့ ကလေးကို ဒုစရိုက်မှုတစ်ခုခုမှာ အသုံးပြုဖို့ ခိုးသွားပြီး အဆင်မပြေတော့မှ လာပြန်ပစ်သွားတယ်လို့ ပြောဆိုနေကြပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ နားယောင်းကျေးရွာအုပ်စုအတွင်း ကလေးငယ်ခိုးယူခံရခြင်းမှာ ယခုတစ်ကြိမ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကလေးငယ်အလောင်းကို ဆေးရုံတွင် စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
MK – 001