
တာချီလိတ်၊ ဇန်နဝါရီ ၂၁
မော်တော်ယာဉ် ဝမ်းဗိုက်အောက်တွင် ဝှက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးကို တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းနှင့် ရွှေမြေသာယာဈေးလမ်းဆုံ၌ ဇန်နဝါရီ ၂၀ ရက်ညပိုင်း ဖမ်းဆီးရမိသည်။
ဇန်နဝါရီ ၂၀ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် တာချီလိတ်မြို့မရဲစခန်းအပိုင်နယ်မြေအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ့်နင်းရေး အော်ပရေးရှင်း(၁၅၁၁)အရ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းနှင့် ရွှေမြေသာယာဈေးလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရေးဆောင်ရွက်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဘက်မှ ဗိုလ်ချုပ်လမ်းမဘက်သို့ Crown အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ မော်တော်ယာဉ် အတွင်း WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၄၀ဝ ပြား၊ အလေးချိန် ၃၆ ဂရမ်အား ရှာဖွေတွေရှိခဲ့သည်။
အမှုမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အားရှင် (၂၉ နှစ်)၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။