
တာချီလိတ်၊ ဇန်နဝါရီ ၂၁
ကြွက်များနှိမ်နင်းကာကွယ်ရန်အတွက် ဖယ်ခုံမြို့တွင် လွှတ်ပေးခဲ့သည့် မြွေများမှာ လူကို အန္တရာယ်မပြုနိုင်သည့် လင်းမြွေများသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက ဇန်နဝါရီလ ၂၁ရက် ညနေပိုင်းက ပြန်လည် ရှင်းလင်းခဲ့သည်။
လားရှိုးမြို့နယ်အတွင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးရမိခဲ့သည့် လင်းမြွေ (၂၅၂)ကောင်ကို ကြွက်များ သောင်းကြမ်းသည့် ဖယ်ခုံမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး၏ အစီအမံဖြင့် ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းက လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
“လွှတ်လိုက်တဲ့ မြွေအားလုံးက လူကို အန္တရာယ် မပြုနိုင်တဲ့ လင်းမြွေတွေပဲ ဖြစ်ပါတယ်။ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။
လားရှိုးမြို့နယ်တွင် ဖမ်းဆီးရမိပြီး ပေးပို့လာသည့် လင်းမြွေ (၂၅၂)ကောင်ထဲမှ (၃)ကောင်သေဆုံးခဲ့ပြီး ကျန်သည့် (၂၄၉)ကောင်ကို အလယ်ကယန်းကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာတွင် (၆၃)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု၊ မောင်တိုးသစ်ကျေးရွာတွင် (၉၅)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု သိကျိတ်ကျေးရွာတွင် (၃၁)ကောင်နှင့် သိကျိတ်ကျေးရွာအုပ်စု၊ လေဒူကောင်းကျေးရွာတွင် (၅၉) ကောင်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီစပါးပေါ်ချိန်၏ ကြွက်များက သီးနှံများကို နှစ်စဉ်ဖျက်ဆီးလေ့ရှိပြီး လက်ရှိအချိန်တွင်မူ သီးနှံပေါ်ချိန်မဟုတ်တော့သည့်အတွက် ကြွက်သောင်းကျန်းမှု နဲသွားခြင်းဖြစ်ကြောင်း ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။
“အခုအချိန်က ကြွက်သောင်းကျန်းတာက နည်းနည်း နည်းသွားတာ မှန်တယ်။ ဘာလို့လဲဆိုတော့ ဖျက်ဆီးစရာ သီးနှံလဲမရှိတော့ဘူး။ နှစ်တိုင်း သီတင်းကျွတ်လောက်ဆို စပါးပေါ်တော့မယ်ဆို ကြွက်တွေက ဖျက်ဆီးပြီ။ နှစ်တိုင်း ကျွန်တော်တို့ ရွာသားတွေခံရတယ်။ ဒါကြောင့်အခုလို လွှတ်ပေးတာ ထိရောက်မှု ရှိမယ်လို့ မျှော်လင့်ပါတယ်။
လင်းမြွေဆိုတာကလည်း လူကို အန္တရာယ်ပေးဖို့ မပြောနဲ့ လူတွေက ပြန်ရိုက်သတ်စားမှာတောင် ကြောက်ရသေးတယ်”ဟု အဆိုပါ ဒေသခံက မဲခေါင်သတင်းဌာနကို ပြောသည်။
လင်းမြွေဖြန့်ဝေ လွှတ်ပေးခြင်းကို ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်နှင့် အဖွဲ့က ကိုယ်တိုင်သွားရောက်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
MK – 001