
နယူးယောက်ခ်၊ ဇန်နဝါရီ ၂၂
ဒေါ်နယ်ထရမ့် တာဝန်ထမ်းဆောင်ချိန်မှ စတင်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်ဝင်ခွင့်ပိတ်သည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံအပါအဝင် (၆)နိုင်ငံကို နောက်တိုးထည့်သွင်းရန် ပြင်ဆင်နေကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။
ထရမ့်က ဝေါစထရိဂျာနယ်နှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် အငြင်းပွားဖွယ် ပိတ်ဆို့မှုစာရင်းကို ထပ်မံတိုးချဲ့လိုကြောင်းပြောဆိုခဲ့ပြီး နိုင်ငံအမည်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
သို့သော် နောက်ထပ် မီဒီယာတစ်ခုဖြစ်သည့် Politico ၏ ဖော်ပြချက်အရ ထပ်တိုးနိုင်ငံများမှာ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ဘီလာရုစ်၊ မြန်မာ၊ တန်ဇီးနီးယားနှင့် ကာဂျစ်စတန်တို့ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
မူစလင်အများစုနေထိုင်သည့် နိုင်ငံများကို ဦးတည်သည့် ပြည်ဝင်ခွင့် ပိတ်ပင်သည့်နိုင်ငံများစာရင်းကို စတင်ထုတ်ပြန်ခဲ့သည့် ၃နှစ်မြောက်နှစ်ပတ်လည် ဖြစ်သည့် လာမည့် တနင်္လာနေ့တွင် နောက်ထပ် ကြေညာချက် ထပ်မံထွက်ပေါ်လာဖွယ် ရှိနေသည်။
စည်းမျဉ်းအသစ်မှာ အဆိုပါနိုင်ငံများမှ နိုင်ငံသားအားလုံးကို ပြည်ဝင်ခွင့်ပိတ်ခြင်းမျိုးထက် အစိုးရအရာရှိများနှင့် ဗီဇာအမျိုးအစားအချို့ကိုသာ ပြည်ဝင်ခွင့်ပိတ်ခြင်းမျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဟိုဂန်ဂစ်ဒ်လေးကမူ အဆိုပါ အစီအစဉ်ကို အတည်ပြုပြောကြားခြင်း မပြုသေးပေ။ ပြည်ဝင်ခွင့်ပိတ်ခြင်းမှာ နိုင်ငံကို ပိုမိုလုံခြုံအောင် ပြုလုပ်ခြင်းသာဖြစ်ကြောင်းသာ သူက ထပ်လောင်းပြောဆိုသည်။
ပြည်ဝင်ခွင့်ပိတ်သည့် နိုင်ငံများစာရင်းကို ၂၀၁၇ ခုနှစ်က စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး မူလက အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆီးရီးယားနှင့် ယီမင်တို့ ပါဝင်ခဲ့ပြီး မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားကို ထပ်မံထည့်သွင်းခဲ့သည်။
အမေရိကန် နိုင်ငံ့အတွင်းရေးမှူး မိုက်ပွန်ပီမှာ ယခုနှစ်အစပိုင်းတွင် ဘီလာရုစ်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း အီရန်နှင့် အမေရိကန်အကြား တင်းမာမှုကြောင့် အစီအစဉ် ဖျက်လိုက်သည်။
မြန်မာအပေါ် ပိတ်ဆို့မှုမှာမူ တရုတ်၏ ဩဇာလွှမ်းမိုးမှုမှ ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
Ref: Independent