နေပြည်တော်၊ ဇန်နဝါရီ ၂၂
ဝေမိုး(နေပြည်တော်)

မြန်မာနိုင်ငံသားများပိုင် ရေကြောင်းလုပ်ငန်းများနေရာ၌ နိုင်ငံခြားသင်္ဘောများ တိုးချဲ့ဝင်ရောက် လုပ်ကိုင်နေမှုအပေါ် နိုင်ငံတော်မှ ဥပဒေအရ ထိန်းသိမ်းကာကွယ်ပေးရန် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ ဇန်နဝါရီ(၁၇)ရက် နေ့စွဲဖြင့် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားချက်အရ သိရသည်။

“ယခုအခါ နိုင်ငံခြားသင်္ဘောများသည် နိုင်ငံသားများ လုပ်ကိုင်လျက်ရှိသည့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် တိုးချဲ့နေရာယူ ဝင်ရောက်လုပ်ကိုင်လာသည့်အတွက် နိုင်ငံသား ရေယာဉ်ပိုင်ရှင်များအနေဖြင့် အလုပ်အကိုင်အခက်အခဲများ တွေ့ကြုံလာရပါသည်။ ထို့အပြင် နိူင်ငံခြားသင်္ဘောများသည် နိုင်ငံခြားရေယာဉ်များထက် သာလွန်သည့်အခွင့်အရေးများ ရရှိခြင်းကြောင့် မည်သို့မျှ ယှဉ်ပြိုင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိိုင်ငံသားများအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဥပဒေအားဖြင့်လည်း နိိုင်ငံတော်မှ ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်လျက်ရှိပါသည်” ဟု တင်ပြရာတွင် ထည့်သွင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ဆီကို ပြည်တွင်းမှာရှိတဲ့ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်း သင်္ဘောပိုင်ရှင်အသင်းတွေက အခက်အခဲပြဿနာတွေ နစ်နာနေတဲ့ ကိစ္စရပ်တွေကို တင်ပြထားကြတယ်။ အဲ့ဒီအပေါ်မှ ကျွန်တော်တို့ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းက နေပြည်တော်က ပို့/ဆက် ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြလိုက်ပါတယ်”ဟု အသင်းတာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။

ထို့ပြင် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းသည် စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ရန်ကုန်၊ တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းအား ဖွဲ့စည်းထားခဲ့ရာ ရေကြောင်းဆိုင်ရာ သတင်းအချက်အလက်၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ် ရန်ကုန်မြို့ရှိ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းတွင် တွေ့ဆုံမှုများပြုလုပ်၍ ဆောင်ရွက်ခဲ့ကြသော်လည်း အသင်းမှ ဆုံးဖြတ်နိုင်စွမ်းမရှိသည့် ကိစ္စရပ်များအပေါ် ဌာနဆိုင်ရာသို့ တင်ပြကာ လမ်းညွှန်မှုများ တောင်းခံရခြင်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိနိူင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆီသို့ တင်ပြထားချက်တွင် ဖော်ပြထားသည်။

“မော်လမြိုင်၊ပုသိမ်နဲ့ ရခိုင်ဘက်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လုပ်ကွက်တွေအပေါ်မှာ ဝင်လာပြီးတော့ လုပ်ကိုင်နေတဲ့အတွက် အလုပ်အကိုင်တွေ လျော့ကျလာတယ်။ သူတို့က အင်အားလည်းကြီးတယ် ယာဉ်ယန္တားယားတွေလည်းကောင်းတယ် အမှန်တကယ်ဆို နိုင်ငံတကာဥပဒေတွေမှာ ပြဌာန်းပြီးသားဖြစ်တယ်။ ကိုယ့်နိုင်ငံသားတွေ မလုပ်နိူင်မှ သူများနိုင်ငံသားတွေကို လုပ်ခွင့်ပေးတယ်။ ကျွန်တော်တို့ ကမ်းရိုးတန်းအသင်းကလည်း ကိုယ့်အစီအစဉ်နဲ့ကို ဥပဒေတွေရေးဆွဲပြီး နေပြည်တော်ကို ပို့ထားတယ်။ ဒါပေမယ့်လည်း အခုထိ ထွက်မလာဘူး အခုဟာက ကျွန်တော်တိုနိုင်ငံသားတွေကို လုံးဝ အကာအကွယ်မပေးဘူး”ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မြန်မာနိူင်ငံ၏ သဘာဝရင်းမြစ်ဖြစ်သည့် ပင်လယ်ကမ်းရိုးတန်းအရှည်သည် (၁၉၃၀)ကီလိုမီတာရှိရာ ရေလမ်းကြောင်း အသုံးပြုနိူင်သည့် မြစ်ချောင်းအရှည်မှာ (၆၉၁၅)ကီလိုမီတာ ပိုင်ဆိုင်မှုရှိသော်လည်း ရေကြောင်းကဏ္ဍ၌ ဖွံ့ဖြိုးမှုနောက်ကျခဲ့သဖြင့် အချို့သော ရေယာဉ်ပိုင်ရှင်များမှာ လုပ်ငန်းရပ်ဆိုင်းခဲ့ရပြီး အရည်ကြိုသင်္ဘောအဖြစ် ရောင်းချရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ ဆိုခဲ့သည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started