တာချီလိတ်၊ ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံတွင်းရှိ ဈေးကွက်လိုအပ်ချက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ထိပ်စပ်နေသည့် ပြည်နယ်များတွင် လိုအပ်ချက်ပိုမိုများပြားလာသဖြင့် တာချီလိတ်နယ်စပ်ပို့ကုန် တန်ဖိုးမှာ ယခင်နှစ် ကာလတူထက် (၂)ဆခန့် ပိုမိုမြင့်တက်လာကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရသည်။

တာချီလိတ်နယ်စပ်မှ ကုန်သွယ်မှု ပမာဏမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း (၂၀)နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း (၇၀)ခန့်ရှိပြီး လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလမှ ဇန်နဝါရီလ ၁၇ရက်အထိ (၄)လတာ ကာလအတွင်း၌ပင် ပို့ကုန် အမေရိကန်ဒေါ်လာ (၁၃)သန်းကျော်နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ (၂၄)သန်းကျော် အထိ ရှိလာပြီဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ညွန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။

“(တရုတ်ရဲ့) မူဝါဒကတော့ မပြောင်းပါဘူး။ ဈေးကွက်ကတော့ ပြောင်းပါတယ်။ ဈေးကွက်အနေအထားအရ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ထိစပ်နေတဲ့ နယ်စပ်မျဉ်းကြောင်း တစ်လျှောက်မှာ အဓိကအားဖြင့် ပြောမယ်ဆိုရင် မူဆယ်၊ ရွှေလီဘက်က လိုအပ်ချက်တွေ ရှိသလို ဒီဘက် ကျင်းဟုံဘက်က ကျိုင်းလပ်၊ တာချီလိတ်၊ ဝမ်ပုံပေါ့။ အဲဒီဒေသတွေနဲ့ ဆက်စပ်နေတဲ့ လိုအပ်ချက်တွေ ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးမှာ ကုန်စည်က ပြောင်းလဲပြီးမှ ဆောင်ရွက်တဲ့ အနေအထားဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြောင်းနှင့် ဆန် တင်ပို့မှုမှာ ပုံမှန်တင်ပို့နေကျဖြစ်သည့် မူဆယ်ဘက်တွင် တင်ပို့မှုလျော့ကျလာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ထိစပ်နေသည့် တရုတ်ပြည်နယ်များတွင် ဈေးကွက် လိုအပ်ချက် ဖြစ်ပေါ်လာသဖြင့် တာချီလိတ်နယ်စပ်မှ ဝယ်ယူမှုပိုမိုများပြားလာကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ညွန်ကြားရေးမှူး ဦးဝင်းလွင်က ဇန်နဝါရီလ ၂၁ရက်က ပြောသည်။

“ထူးထူးခြားခြား အနေနဲ့ လက်ရှိအချိန်အထိ ပြောင်းဖူးစိတွေ ယခင်နှစ်ကထက် တန်ချိန်ပေါင်း ၂သောင်းကျော်လောက် တင်ပို့ထားနိုင်ပါတယ်။ ဆန်လည်း မနှစ်ကဆို မတင်ပို့နိုင်ဘူး။ ဒီနှစ်မှာ ကျိုင်းလပ်ကနေ တစ်ဆင့်လည်း တင်ပို့နိုင်တာ ရှိတယ်။ တာချီလိတ်ကနေလည်း တင်ပို့နိုင်တာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင် လာအို-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သည့် ကျိုင်းလပ်တံတားပေါ်မှ တဆင့် ဆန်၊ ပြောင်း၊ စပါး၊ ဆိတ်နှင့် သိုးတို့ကို တရားဝင် တင်ပို့ခွင့်ပြုခဲ့သည့်အတွက် တရုတ်ကုန်သည်များမှ လာအိုမှတဆင့် ဖြတ်သန်းကာ မြန်မာ့ကုန်စည်များကို ဝယ်ယူလာြခင်းကလည်း ကုန်သွယ်မှုတိုးလာခြင်း၏ အကြောင်းရင်း တစ်ချက်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်မှုကို လအလိုက်လျာထားချက်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ အောက်တိုဘာလတွင် ၁၀၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ၁၃၆ ရာခိုင်နှုန်း၊ ၂၀၁၉ ဒီဇင်ဘာလတွင် ၂၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
တာချီလိတ်နယ်စပ်မှတဆင့် ကုန်သွယ်မှုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၉၀)ကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၉၂)သန်းကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် အမေရိကန်ဒေါ်လာ (၄၆)သန်းကျော်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၈၉)သန်းကျော် ရှိခဲ့ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ အချက်အလက်များအရ သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started