
တာချီလိတ်၊ ဇန်နဝါရီ ၂၄
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ တင်သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရည်အတွက်မှာ ၂၅ဦးအထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်းများက သောကြာနေ့ နံနက်အစောပိုင်းက ထုတ်ပြန်လိုက်သည်။
ကြာသပတေးနေ့ညနေပိုင်းက ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၈ဦးရှိရာမှ သောကြာနံနက် အစောပိုင်း ထုတ်ပြန်ချိန်တွင် ၂၅ဦးအထိ တိုးပွားလာကြောင်း Bloomberg သတင်းက ဖော်ပြသည်။
အဆိုပါဗိုင်းရပ်စ်ကြောင့် စတင်တွေ့ရှိသည့် တရုတ်နိုင်ငံ ဝူဟန်မြို့ကို အာဏာပိုင်များက ကြာသပတေးနေ့ အစောပိုင်းကစတင်ကာ ပိတ်ဆို့လိုက်ပြီး ခရီးသွားလာမှုအားလုံးကို ဖြတ်တောက်ခဲ့သည်။
ပင်လယ်စာ အဓိကထားရောင်းချသည့် ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၅၀၀ ခန့်ရှိနေပြီး တရုတ်နိုင်ငံသာမက၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ အမေရိကန်နိုင်ငံများအထိ ပျံ့နှံနေသည်။
မြန်မာနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဗိုင်းရပ်စ်ပိုး ပျံ့နှံလာပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါနှင့် ဆင်တူကြောင်းသိရသည်။
အဆိုပါဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်ပြီး ဆေးသိပ္ပံပညာရှင်များ ကိုယ်တိုင် သေချာစွာ မသိရသေးသလို မည်သို့ ကုသကာကွယ်ရမည်ကိုလည်း သေချာစွာ မသိကြသေးပေ။
Ref: Bloomberg